တွက်ခြေကိုက် ဆင်ခြေဖုံးအခန်းတွဲ ငှားရမ်းဆောက်လုပ်သူများပြား

javascript
ဆင်ခြေဖုံးမြို့နယ် အိမ်ခြံမြေအငှားဈေးကွက်က ပိုမိုတွက်ခြေကိုက်ပြီး လူကြိုက်များလျက် ရှိနေတယ်လို့ အကျိုးဆောင်တချို့ဆီက သိရပါတယ် ။

‘မြို့တွင်းနဲ့ ဆက်စပ်မြို့နယ်တွေက လုံးချင်းနဲ့ တိုက်ခန်းအငှားတွေက ပုံမှန်ဈေးကွက် မှာ ရပ်ကွက်အတွင်းဆို ကျပ် ၁၀၀,၀၀၀ ကနေ ၃၀၀,၀၀၀ လောက်အထိပဲ ဈေးရတယ် ၊ ဆင်ခြေဖုံးက အိမ်တွေကျတော့ လုံးချင်းဆိုတာထက် မြေရှိသလောက် အခန်းတွေကန့်ကန့်ပြီး အငှားထားတော့ မြေတစ်ကွက်ကို တစ်လ ကျပ် ၅၀၀,၀၀၀ လောက်ရတယ်’လို့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း အိမ်ခြံမြေအကျိုးဆောင် ကိုညီဇော်က ပြောပါတယ်။

ဆင်ခြေဖုံးမြို့နယ်တွေက အငှားအိမ်အများစုက လုံးချင်းထက် အိမ်ခန်းတွဲပုံစံဆောက်လုပ်လာကြပါတယ် ။ အိမ်ခန်းတွဲတွေကို ပေ ၄၀ x ပေ ၆၀ မြေကွက်ဆို ကျောချင်းကပ် ၁၀ ပေပတ်လည်အခန်း ၁၀ ခန်းဆောက်လုပ်ပြီး ငှားရမ်းလာကြတာ ဖြစ်ပါတယ် ။ ပေ ၂၀ x ပေ ၆၀ မြေကွက်မှာတော့ ၈ ပေ x ၁၀ ပေ အခန်းရှစ်ခန်းဆောက်လုပ်ပြီး ငှားရမ်းပါတယ် ။ တချို့အိမ်ခန်းတွေကတော့ နှစ်ထပ်တိုက်ပုံစံအခန်းတွေကို တစ်ခန်းကို ကျပ် ၈၀,၀၀၀ ဝန်းကျင် သာမန်အခန်းတွဲတွေကို ကျပ် ၆၀,၀၀၀ ဝန်းကျင်လောက်နဲ့ ငှားရမ်းကြတာဖြစ်ပါတယ် ။

အများစုကတော့ အပေါ်နဲ့ လချင်းပေးငှားရမ်းကြတာများပြီးလချုပ်ကိုတော့ သုံးလချုပ်သာ အငှားများပါတယ် ။ သည်လိုအိမ်ခန်းတွေရဲ့ ရင်းနှီးကုန်ကျမှုက မြေကွက်နဲ့ အိမ်ဆောက်အပြီး ကျပ် သိန်း ၃၀၀ လောက်ကုန်ကျပြီး တစ်လကို ကျပ် ၅၀၀,၀၀၀ ဝန်းကျင်ကနေ ၈၀၀,၀၀၀ ဝန်းကျင်လောက်အထိ ငှားခရရှိတယ်လို့ သိရပါတယ် ။

‘တိုက်ခန်းဝယ်ပြီး ပြန်ငှားစားရင် တစ်လကို အလွန်ဆုံး ကျပ် ၂၀၀,၀၀၀ လောက်ပဲရတယ် ၊ အခန်းက သိန်း ၂၀၀ လောက်ရင်းပြီးမှ ၂၀၀,၀၀၀ လောက်ရတာ ၊ ရင်းရတဲ့ပိုက်ဆံချင်းတူပေမဲ့ အိမ်ငှားခက သုံးဆလောက်ကွာတယ်’ လို့ တောင်ဥက္ကလာပမြို့နယ်မှာ အိမ်အငှားချထားတဲ့ မသီတာကပြောပါတယ် ။

အခုနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်တဲ့ အိမ်ရှင်အများစုက ဈေးနှုန်းမြင့်မားတဲ့နေရာတွေက တိုက်ခန်းနဲ့ လုံးချင်းတွေထက် မြေကွက်ဝယ်ယူအခန်းတွဲဆောက်လုပ် ငှားရမ်းလာကြတာတွေ ရှိသလိုအခန်းတွဲဆောက်လုပ်ပြီး ရောင်းချလာကြတာတွေလည်း ရှိပါတယ် ။ သည်လိုအခန်းတွဲတွေကို အရင်က အဆောင်နေထိုင်သူ အလုပ်သမားတွေလောက်သာ ဝယ်ယူကြတာများပေမဲ့ အခုနောက်ပိုင်းမှာတော့ မိသားစုလိုက် ငှားရမ်းနေထိုင်လာကြတာတွေလည်း ရှိလာပါတယ် ။

သည်လိုအခန်းတွဲအငှားဈေးကွက်တွေကတော့ စက်မှုဇုန်နဲ့ စက်ရုံတွေများတဲ့  လိုင်သာယာမြို့နယ် ၊ တောင်ဒဂုံမြို့နယ် ၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာ အဓိကဆောက်လုပ်ငှားရမ်းလာကြတယ်လို့ သိရပါတယ် ။

Source: The Modern

Facebook comments