ရန်ကုန်တိုင်းအစိုးရက ချပေးသော မြေကွက် ဝယ်ယူလိုသူများပြား

javascript
ရန်ကုန်တိုင်းအစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေကွက်များကို ဝယ်ယူရန် နိုဝင်ဘာ ၁ ရက်မှ ၈ ရက်အထိ လျှောက်လွှာပေါင်း ၁၂çဝ၀ဝ ကျော် လက်ခံရပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။ 

အောက်တိုဘာ ၇ မှ ၃၁ ရက်အထိ လျှောက်လွှာတစ်စောင်လျှင် ကျပ်တစ်သောင်းနှုန်းဖြင့် လျှောက်လွှာ ပေါင်း ၁၅၆၂၀ ကို ရောင်းချခဲ့ရသည်။ ရန်ကုန်တိုင်းအစိုးရ အဖွဲ့က ရောင်းချမည့် မြေကွက်များကို ဝယ်ယူရန် တင်ပြလာသည့် လျှောက်လွှာများကို လူနေထိုင်ရန်အတွက် လည်းကောင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်အတွက်လည်းကောင်း၊ စက်မှုလုပ်ငန်း အသုံးပြုရန်အတွက် လည်းကောင်း အသုံးပြုမည့် အမျိုးအစားအလိုက် ခွဲခြားထားသည်။ လက်ရှိတွင် ရောင်းချမည့်နေရာများအတွက်အစိုးရအဖွဲ့ ကော်မတီအနေဖြင့် မဆုံးဖြတ်ရသေးရသေး ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ထံမှ သိရသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ရောင်းချမည့် မြေကွက်များသည် လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံမြို့သစ်လေးမြို့ နယ်အပြင် မှော်ဘီမြိုနယ်ရှိ မြောင်းတကာ စက်မှုဇုန်မှ မြေနေရာများ ပါဝင်သည်။မြေကွက်များတွင် ပေ ၄၀ ပေ ၆၀ မြေကွက်များနှင့် ပေ ၆၀ ပေ ၆၀ မြေကွက်များအပြင် ပေ ၁၀ဝ ပတ်လည်အကွက်များလည်း ပါဝင်သည်။

သို့သော် လျှောက်လွှာတင်သူများအနေဖြင့် မြေကွက်များကို ဈေးပြိုင်စနစ်ဖြင့် ဝယ်ယူရမည်ဖြစ်ပြီး ဝယ်ယူခွင့် ကျပြီး ခြောက်လအတွင်း အဆောက်အအုံ တည်ဆောက်ရမည်ဟူသော ကန့်သတ်ချက်များလည်း ရှိထားသည်။

"လျှောက်လွှာရောင်းပြီးတဲ့အထဲမှာ ၃ဝ၀ဝ ကျော်ကျော်လောက်က လျှောက်လွှာလာမတင်ဘူး။ တင်ပြီးသား လက်ခံထားတဲ့ လျှောက်လွှာ ၁၂၁၅၈ စောင်ဟာ ကျွန်တော်တို့မြေနေရာ စီမံခန့်ခွဲခွင့်ကော်မတီကနေ လောလောဆယ်တော့ အမျိုးအစားတွေကို ခွဲခြားနေတုန်းပဲ ရှိသေးတယ်" ဟု ဦးသန်းက ဆိုသည်။

"လက်ရှိကတော့ ရလိုရငြား လျှောက်လွှာပြန်တင်ထားတယ်။ ရှိလို့တော့မဟုတ်ဘူး၊ လျှောက်လွှာကလည်း ငွေပေးဝယ်ထားတော့ မဆုံးချင်တာနဲ့ ပြန်တင်ထားတယ်" ဟု တောင်ဥက္ကလာပတွင် နေထိုင်သည့် ပင်စင်စား ဦးသိန်းမောင်က ဆိုသည်။

အစိုးရမှ ရောင်းချမည့် မြေကွက်ပေါက်ဈေးများသည်သက်ဆိုင်ရာ မြို့နယ်အလိုက် မြေကွက်နှုန်းထားများအရ တန်ဖိုးကွဲပြားမည်ဖြစ်ပြီး ယင်းမြေကွက်များကို သုံးနှစ်အတွင်း ပိုင်ရှင်မလွှဲပြောင်းရဟူသော ကန့်သတ်ချက် များဖြင့် ရောင်းချခြင်းဖြစ်သည်။

အစိုးရမှ တိုက်ရိုက်ရောင်းချနေသော မြေကွက်များ တွင် စက်မှုဇုန်မြေများနှင့် စီးပွားရေးအတွက် အသုံးပြုရန် မြေနေရာများ ပါရှိခြင်းကြောင့် စီးပွားရေးလုပ်ငန်းရှင်များက ဝယ်ယူရန် စိတ်ဝင်စားမည်ဖြစ်ပြီး မြေကွက်များ အပေါ်တွင် ဈေးပြိုင်စနစ်ဖြင့် ဝယ်ယူရခြင်းကြောင့် မည်ကဲ့သို့ ခွဲဝေမည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ရွှေလင်ပန်းစက်မှုဇုန်မှ လုပ်ငန်းရှင်တစ်ဦးက မြန်မာ တိုင်း(မ်)သို့ ပြောသည်။  

လက်ရှိအစိုးရက ရောင်းချနေသော မြေကွက်နေရာ များသည် အခြေခံအဆောက်အအုံများဖြစ်သည့် လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်မီးနှင့် သောက်သုံးရေ မရခြင်း တို့ကြောင့် အချို့သောမြေနေရာများတွင် လမ်းခင်းခြင်း၊ရေသွယ်ခြင်းနှင့် လျှပ်စစ်မီးသွယ်တန်းရန် ပုဂ္ဂလိကကုမ္ပဏီများကို အကျိုးတူလုပ်ကိုင်ခွင့်အတွက် လုပ်ငန်းဆောင်ရွက်လိုကြောင်း အဆိုပြုလွှာများကိုလည်း ဖိတ်ခေါ်ရန် စီစဉ်နေကြောင်း ဦးသန်းကဆိုသည်။

"အခုလိုမျိုး လမ်းတွေဖောက်ပေး၊ မီးတွေသွယ်ပေးမယ်ဆိုရင်တော့ မြေကွက်ဝယ်တဲ့သူတွေအတွက် အဆင်ပြေတယ်။ အဲဒီနေရာတွေက အရမ်းခေါင်တယ်။ သွားလာရ ခက်တယ်ဆိုပြီး သိထားတယ်။ ကိုယ်မရလည်း ဝယ်ခွင့်ရတဲ့သူတွေကတော့ အဆင်ပြေတာပေါ့"ဟု မြေကွက်ဝယ်ယူရန် လျှောက်ထားသူ တစ်ဦးဖြစ်သူ ဒေါ်မေသွယ်ကဆိုသည်။

ရန်ကုန်မြို့အတွင်း နေထိုင်ရန် အိမ်မရှိသူများနှင့် အမှန်တကယ် အိမ်ဆောက် နေထိုင်လိုသူများအတွက် ယင်းမြေကွက်များကို ရောင်းချခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားထားသည်။

ရန်ကုန်တိုင်းအစိုးအရအဖွဲ့အနေဖြင့်  ရောင်းချမည့်မြေကွက်များမှ ရရှိလာသော ငွေကြေးများကို မြေယာ အငြင်းပွားမှုပြသနာများတွင် လျော်ကြေးငွေ ပြန်ပေးရန်အတွက် ရောင်းချခြင်းဖြစ်ပြီး လက်ရှိရောင်းချမည့် မြေကွက်များသည် အစိုးရအနေဖြင့် ပထမဆုံးအကြိမ် ရောင်းချခြင်းဖြစ်ကြောင်း ယင်းမြေကွက်များအတွက် ပိုင်ဆိုင်မှုများကိုလည်း အာမခံကြောင်း ရန်ကုန်မြို့တော်စည်သာယာရေးကော်မတီထံမှ သိရသည်။ 

Facebook comments