ရန်ကုန်မြို့တော်နှင့် လျော့ကျလာသော စိမ်းလန်းဧရိယာ

javascript

လူတွေအသက်ရှင်နေထိုင်ရာ နေ့စဉ်ဘဝမှာ မရှိမဖြစ် လိုအပ်တဲ့ စိမ်းလန်းဧရိယာတွေဟာ ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ တစ်နှစ်ထက်တစ်နှစ် လျော့ကျလို့ လာနေ ပါတယ်။ စိမ်းလန်းဧရိယာတွေ လျော့ကျလာခြင်းဟာ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး စတာတွေနဲ့ ဆက်စပ်ပတ်သက်နေပါတယ်။


ရန်ကုန်မြို့တော်မှာ နေထိုင်တဲ့ လူတစ်ဦးချင်းစီ အတွက် အသုံးချနိုင်တဲ့ စိမ်းလန်းဧရိယာ အကျယ်အဝန်း မှာ နှစ်ပေါင်း ၂၅ နှစ်အတွင်း ၄၀ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားခဲ့တယ်လို့Another Development Policy Think-Tank က ပြုစုထားတဲ့ ရန်ကုန်မြို့ရှိ စိမ်းလန်းဧရိယာ များ မူဝါဒစာတမ်းမှာ ဖော်ပြထားပါတယ်။


ရန်ကုန်မြို့မှာ ပန်းခြံအရေအတွက် စုစုပေါင်း ၆၃ ခုရှိပြီး အကျယ်အဝန်းမှာ ၅၂၂ ဧကရှိရာ လူတစ်ဦးချင်းစီ အတွက် အသုံးပြုနိုင်တဲ့ စိမ်းလန်းဧရိယာ ၄ ဒသမ ၄ စတုရန်းပေရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ လူတစ်ဦးလျှင် စိမ်းလန်းဧရိယာ အနည်းဆုံး ၁ဝဝ စတုရန်းပေရှိသင့်တယ်လို့ အကြံပြုထားပါတယ်။


ရန်ကုန်မှာ နွေရာသီဆိုရင် ပုံမှန်ထက်ပိုပူပြင်းလာပြီး မြေအောက်ရေ လျှော့နည်းလာကာ မိုးရာသီတွေမှာ ရေမကြာခဏ ရေလွှမ်းခြင်းကို ခံနေရပါတယ်။ ရာသီဥတုနဲ့ပတ်သက်ပြီး ထိလွယ်ရှလွယ်ဖြစ်နေတာတွေဟာစိမ်းလန်းဧရိယာတွေရဲ့ ရာသီဥတုထိန်းညှိနိုင်မှုတွေ၊ ရာသီဥတုအေးမြစေတဲ့ သက်ရောက်မှုတွေ၊ ရေကိုစုပ်ယူ ထိန်းထား နိုင်တဲ့စွမ်းအား(sponge functions) တွေ မရှိခြင်းကြောင့်လို့ဖြစ်တယ်လို့ စာတမ်းအတွက် သုတေသနပြုလုပ်သူAnother Development မှ ကိုရေချမ်းက ပြောပါတယ်။


စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လည်း သတိထားရမယ့် အခြေအနေဖြစ်နေပြီး လူတွေက အလွယ်တကူ စိတ်ဓာတ်ကျမှုတွေ များလာတာကို တွေ့မြင်နေရကြောင်း၊ အကျိုးဆက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေ များလာနိုင်ခြေရှိတယ်လို့လည်း ကိုရေချမ်းက ပြောပါတယ်။


ဒါ့ပြင် ရာသီဥတု ပိုမိုပူပြင်းလာမှုတွေကြောင့် ပြီးခဲ့တဲ့၂၀၁၉ နွေရာသီမှာ မြန်မာနိုင်ငံအတွင်းက တိုင်းဒေသကြီး နဲ့ ပြည်နယ် ကိုးခုမှာ အပူလေဖြတ်ရောဂါဖြစ်ပွားသူ ၁၄၉ ဦးထိရှိခဲ့ပြီး သေဆုံးသူအရေအတွက်ဟာ ၃၀ ရှိခဲ့ပါတယ်။


ဒါတွေကို တစ်ဖက်တစ်လမ်းက ထိန်းညှိပေးနိုင်တဲ့ စိမ်းလန်းဧရိယာတွေဟာ ရန်ကုန်မြို့အတွက် မရှိမဖြစ် လိုအပ်နေပါတယ်။ စိမ်းလန်းဧရိယာတွေဟာ ရာသီဥတု ခံနိုင်ရည်ရှိဖို့ အထောက်အကူပြုတဲ့ အကြောင်းအရာ တစ်ရပ်ဆိုတာ ငြင်းလို့မရနိုင်ပါဘူး။


"ရာသီဥတုဒဏ်ခံနိုင်တဲ့မြို့ဖြစ်ဖို့ စိမ်းလန်းဧရိယာ တွေက အရေးကြီးတယ်၊ စိမ်းလန်းဧရိယာတွေဟာ မိုးတွင်း မှာ ရေကို စုပ်ယူထိန်းထားပြီး နွေမှာမြေအောက်ရေကို ပြန်လည်ဖြည့်တင်းပေးနိုင်တယ်"လို့ ကိုရေချမ်းက ဆိုပါ တယ်။


နိုင်ငံရဲ့ စီးပွားရေးတိုးတက်လာတာနဲ့အမျှ ပန်းခြံမြေ နေရာတွေမှာ ကွန်ကရစ်တွေ လျင်မြန်စွာ နေရာယူလာခြင်း တွေကို အရေးယူကြပ်မတ်ခြင်းမရှိရင် မိုးရေတွေဟာ မြေထဲကိုစိမ့်ဝင်နိုင်မှုမရှိဘဲ၊ နွေရာသီ ရေခမ်းခြောက်ခြင်း၊မိုးရာသီမှာ ရေလွှမ်းမိုးခြင်းတွေကို အမြဲတစေ ခံစားသွား ရမှာဖြစ်တယ်လို့ မြို့ပြအင်ဂျင်နီယာတစ်ဦးဖြစ်သူ ဦးကျော်ကျော်နိုင်က ပြောပါတယ်။


"စိမ်းလန်းဧရိယာတွေရှိနေဖို့က ရန်ကုန်မြို့အနေနဲ့ လိုကိုလိုအပ်နေပါတယ်။ စိမ်းလန်းဧရိယာတွေ လျော့ကျ လာခြင်းဟာ ကျန်းမာရေး၊ စီးပွားရေးတို့အပြင် လူတွေနဲ့ သက်ဆိုင်နေတဲ့ကဏ္ဍတိုင်းကို ဆိုးကျိုးတွေပဲ သက်ရောက် စေပါလိမ့်မယ်"လို့ ဦးကျော်ကျော်နိုင်က ပြောပါတယ်။


ရန်ကုန်ရဲ့လူဦးရေဟာ ၁၉၉၀ ပြည့်နှစ်နဲ့နှိုင်းယှဉ်ရင် နှစ်ဆနီးပါလောက်ရှိလာပြီး ထပ်တိုးဖို့ အလားအလာ လည်း ရှိနေပါတယ်။ ရန်ကုန်ဟာ လူဦးရေများတာနဲ့အမျှ နိုင်ငံရဲ့ ဂျီဒီပီ အဓိကထုတ်လုပ်နေတဲ့နေရာလည်း ဖြစ်ပါ တယ်။ လူတွေရဲ့ ထုတ်လုပ်နိုင်မှုစွမ်းအား ပိုကောင်းလာဖို့ စိမ်းလန်းဧရိယာတွေဟာ ထောက်ပံ့ပေးနေတာဖြစ်ပြီး တိုးပွားလာတဲ့ လူဦးရေကို ဖြည့်ဆည်းပေးမယ့် စိမ်းလန်း ဧရိယာတွေ ပိုမိုလိုအပ်နေမှာဖြစ်ပါတယ်။


စိမ်းလန်းဧရိယာတွေ လျော့ကျလာခြင်း အကြောင်း ရင်းတစ်ခုကတော့ လူဦးရေ တိုးပွားလာခြင်းဖြစ်ပြီး ဒုတိယအချက်ကတော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှု ကြောင့်ဖြစ်တယ်လို့ ကိုရေချမ်းက ဆိုပါတယ်။


"ရှိနေတဲ့ စိမ်းလန်းပမာဏက တိုးပွားလာတဲ့ လူဦးရေ ကို မဖြည့်ဆည်းပေးနိုင်တော့ဘူး၊ တိုးပွားလာတဲ့ လူဦးရေ ကို လက်ခံနိုင်ဖို့အတွက် အဆောက်အအုံတွေ စိမ်းလန်း ဧရိယာနေရာမှာ အစားထိုးဆောက်လာကြတယ်၊ ဒီတော့ရှိပြီးသား စိမ်းလန်းဧရိယာတွေလည်း အရည်အသွေးကျ လာတယ်"လို့ ၎င်းက ပြောပါတယ်။


ဒါ့ပြင် စိမ်းလန်းဧရိယာတွေထဲမှာ စားသောက်ဆိုင် တွေ၊ အခြားအဆောက်အအုံတွေ၊ ကြော်ငြာနဲ့ ပတ်သက် တဲ့ ဆိုင်းဘုတ်တွေ၊ ယာယီအဆောက်အအုံတွေ နေရာဝင်ယူနေကြတာလည်း ရန်ကုန်မြို့နေရာအနှံ့မှာ တွေ့မြင်နေရပါတယ်။


စိမ်းလန်းဧရိယာတွေဟာ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်ပြီး စိမ်းလန်းဧရိယာတွေ လျော့ကျ မသွားရေး၊ ပြန်လည်တိုးတက်လာရေးအတွက် အစိုးရသာ မက ပြည်သူတစ်ယောက်ချင်းစီတိုင်းမှာလည်း တာဝန်ရှိ တယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာမှ ဒုတိယညွှန် ကြားရေးမ·း ဒေါ်စံပယ်ဖြူလွင်က ပြောပါတယ်။


"သဘာဝတရားကို ပစ်ပယ်ထားရင်၊ အလေးမထားရင် သဘာဝတရားကြီးက လူတွေကို ပြန်ပြီးဒဏ်ခတ်ပါလိမ့် မယ်၊ ဒါကြောင့် စိမ်းလန်းဧရိယာတွေ လျော့ကျမသွားဖို့အစိုးရက လုပ်ရမှာတွေလည်းရှိသလို ပြည်သူတွေကိုယ် တိုင်ကလည်း သဘာဝတရားကို ချစ်မြတ်နိုးပြီး ထိန်းသိမ်း စောင့်ရှောက်ကြဖို့ လိုအပ်ပါတယ်"လို့ ဒေါ်စံပယ်ဖြူလွင် က ပြောပါတယ်။


မြို့ပြဖွံ့ဖြိုးမှုရဲ့ သင်္ကေတဖြစ်တဲ့ လူမှုအဆောက်အအုံ တွေကို ဆောက်လုပ်တဲ့နေရာမှာ စိမ်းလန်းဧရိယာတွေကို အချိုးကျထည့်သွင်းဆောက်လုပ်ဖို့ ဥပဒေစည်းမျဉ်းစည်း ကမ်းတွေ ခိုင်ခိုင်မာမာမရှိသေးတာကလည်း စိမ်းလန်း ဧရိယာတွေ လျော့ကျလာစေတဲ့ အချက်တွေထဲက တစ်ခု ဖြစ်တယ်လို့ ဦးကျော်ကျော်နိုင်က ဆိုပါတယ်။


"အစိုးရအနေနဲ့ ပိုမိုလွှမ်းခြုံနိုင်တဲ့ မဟာဗျူဟာတွေ၊ ဥပဒေစည်းမျဉ်းတွေကို ရေးဆွဲသင့်တယ်၊ ဒါမှသာ ရေရှည်မှာ စိမ်းလန်းဧရိယာနဲ့ ပတ်သက်ပြီး အကောင်အထည်ဖော်တဲ့အခါ အထောက်အကူဖြစ်စေလိမ့်မယ်"လို့ ဦးကျော်ကျော်နိုင်က ဆိုပါတယ်။


နိုင်ငံတကာမှာ မြို့နေလူတွေဟာ ပိုပြီးအထီးကျန်လာ၊ ပိုပြီးဖိအားတွေများလာတဲ့အတွက် စိတ်ဓာတ်ကျမှုတွေ လွယ်လာတာကြောင့် စိတ်ကျန်းမာရေးကို အရေးပေး လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ထိုသို့လုပ်ဆောင်ရာမှာ စိမ်းလန်းဧရိယာတွေဟာ အဓိကအခန်းကဏ္ဍမှာ ပါဝင်နေတာကို တွေ့ရပါတယ်။


ဒါ့ပြင် အစိုးရအနေနဲ့ ပထမဆုံးလုပ်ရမှာက ရှိပြီးသားစိမ်းလန်းဧရိယာတွေ ထပ်မလျော့သွားအောင် ထိန်းသိမ်းဖို့ လိုအပ်သလို အဆောက်အအုံတွေ တည်ဆောက်တဲ့အခါမှာ စိမ်းလန်းဧရိယာအချိုးအစား ထည့်သွင်းရမယ် ဆိုတဲ့ မူဝါဒတွေကို ထည့်သွင်းစဉ်းစားရေးဆွဲသင့်တယ်လို့ စာတမ်းမှာ အကြံပြုဖော်ပြထားပါတယ်။


ဒါ့ပြင် စိမ်းလန်းဧရိယာတွေနဲ့ပတ်သက်တဲ့ သတင်း အချက်အလက်တွေ မှန်ကန်အောင် ပြုလုပ်ထားသင့်ပြီး လူထုသိနိုင်အောင် တစ်နှစ်တစ်ခါ ထုတ်ပြန်သင့်တယ် လို့လည်း ကိုရေချမ်းက ဆိုပါတယ်။


ပုဂ္ဂလိကကဏ္ဍအနေနဲ့ အများပိုင် စိမ်းလန်းဧရိယာ တွေမှာ အစားထိုးလုပ်ငန်းတွေမလုပ်ဖို့၊ အဆောက်အအုံ တွေ ဆောက်တဲ့အခါမှာ စိမ်းလန်းဧရိယာအချိုးအစား (green coverage ratio) ထည့်သွင်းပါဝင်ဖို့နဲ့ ရာသီဥတုဒဏ်ခံနိုင်တဲ့ အဆောက်အအုံဒီဇိုင်းတွေကို ရေးဆွဲပြီး ငွေကြေးရင်းနှီးမြှုပ်နှံဖို့ မဖြစ်မနေလုပ်ဆောင်သင့်တယ်လို့ လည်း ကိုရေချမ်းက ပြောပါတယ်/


Source : Myanmar Time

Facebook comments