မြန်မာ-တရုတ်နယ်စပ်ဖြစ်သည့် မူဆယ်၊ ချင်းရွေဟော်နှင့် ကန်ပိုက်တီးတို့တွင် မြန်မာ-တရုတ်နယ်စပ်စီးပွားရေးဇုန်တည်ဆောက်လုပ်ကိုင်ရေးအတွက် စိတ်ဝင်စားမှုဖော်ပြသည့်လျှောက်လွှာ ( EOI ) ခေါ်ယူရေးနှင့် စီစစ်ရွေးချယ်ရေး ဆွေးနွေးနေပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
" မူဆယ်နယ်စပ်မှာ စီးပွားရေးဇုန်ဆောက်ဖို့ကို မူဆယ်၊ ချင်းရွေဟော်၊ ကန်ပိုက်တီးရောပေါ့။ သုံးနေရာမှာ EOI ခေါ်ဖို့ရှိတယ်။ စိတ်ပါဝင်စားတဲ့ ပြည်တွင်းက Developer တွေက ၀င်လျှောက်လို့ရတယ်။ ဒီအပေါ်မှာ မူတည်ပြီး ဘယ်လိုနေရာတွေမှာ ဘာလုပ်မယ်ဆိုတာ ဆက်ပြီးဆောင်ရွက်မယ်။ တရုတ်နိုင်ငံဘက်ကလည်း နှစ်နိုင်ငံ SEZ နဲ့ ပတ်သက်ပြီး သူတို့ဘက်က Framework Agreement ပို့ထားတာရှိတယ်။ အဲဒီအပေါ် မူကြမ်းပေါ်မှာ ကျွန်တော်တို့က ဆွေးနွေးပြီး တဖက်နိုင်ငံကို ပြန်ပို့ဖို့ရှိတယ်။ နယ်စပ်စီးပွားရေးဇုန်နဲ့ပတ်သက်ပြီး Framework Agreement ကို လက်မှတ်ထိုးသွားဖို့ရှိ တယ်" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။
မြန်မာ-တရုတ်နယ်စပ်ရှိ အဆိုပါနေရာသုံးခုတွင် နယ်စပ်စီးပွားရေးဇုန်တည်ဆောက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ပြီးမှသာ မည်သည့်နေရာကို စတင်တည်ဆောက်သွားမည်ကို သိနိုင်မည်ဖြစ်ကြောင်း သိရသည်။
" စီးပွားရေးဇုန်က သုံးနေရာမှာလုပ်ဖို့တော့ အဓိက ရည်မှန်းထားတယ်။ ဘယ်ဟာကို ဦးစားပေးမလဲဆိုတာတော့ ညှိနှိုင်းရဦးမယ်။ အဓိကက နှစ်ဖက်နှစ်နိုင်ငံညှိနှိုင်းပြီးမှပဲ လုပ်လို့ရမယ်" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဆက် လက်ပြောကြားသည်။
မြန်မာ-တရုတ်နယ်စပ်တွင် နယ်စပ်စီးပွားရေးဇုန်တစ်ခုကို မကြာမီအကောင်အထည်ဖော်တော့မည်ဖြစ်ပြီး အဆိုပါစီးပွားရေးဇုန်တွင် မြန်မာလုပ်ငန်းရှင်များ ပါဝင်ရင်းနှီးမြှုပ်နှံရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ပြောကြားသည်။
" နိုင်ငံတော်အနေနဲ့ အခြားဇုန်များလည်း အကောင်အထည်ဖော်ဖို့ရှိပါတယ်။ အထူးသဖြင့် တရုတ်-မြန်မာနယ်ခြားဒေသနှစ်ဖက်မှာ ကချင်ပြည်နယ် နယ်စပ်နဲ့ ရှမ်းပြည်နယ် နယ်စပ် ကျယ်ပြန့်တဲ့နေရာမှာ ယနန်ပြည်နယ် နှစ်ဖက်နယ်စပ်မှာ နှစ်ဖက်မျက်နှာချင်းဆိုင် Treading and processing Zone တွေ တည်ထောင်ဖို့ မနှစ်ကနိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က တရုတ်ပြည်သွားတုန်းက လက်မှတ်ဖိုးထားတာရှိပါတယ်။ အဲဒါကို အကောင်အထည်ဖော်ဖို့အတွက် လုပ်ငန်းဆိုင်ရာဗဟိုကော်မတီလည်း ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ ဒီကော်မတီအနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ ကချင်ပြည်နယ်အစိုးရနှင့် ရှမ်းပြည်နယ်အစိုးရများနှင့် တိုင်ပင်ကာ မကြာမီအကောင်အထည်ဖော်ဖို့ရှိပါတယ်" ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ပြောကြားသည်။
Source : Daily Eleven
Property.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်။
Facebook comments