ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် ကျူးကျော်စာရင်း ကောက်ယူနေ၍ အသစ်ကျူးကျော်လာသူအချို့ ရှိနေဟုဆို

javascript
ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် ကျူးကျော်စာရင်း ကောက်ယူနေ၍ အသစ်ကျူးကျော်လာသူအချို့ ရှိနေကြောင်း ကျူးကျော်စာရင်း ကောက်ယူရာတွင် မြို့နယ်ဆိုင်ရာ ကိုယ်စားလှယ်တစ်ဦး အနေဖြင့် ကူညီနေသည့် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျူးကျော်စာရင်းများ ကောက်ယူခြင်း Pilot Project အနေဖြင့် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် စက်တင်ဘာ ၂ ရက်မှ စတင်ကောက်ယူခဲ့ရာတွင် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများအပြင် ယင်းသို့ ကျူးကျော်စာရင်း ကောက်သည်ဟု အသံကြားသည်နှင့် အသစ် ကျူးကျော်လာသူများ ရှိလာကြောင်း ၎င်း၏ အဆိုအရ သိရသည်။

“စာရင်းကောက်တဲ့ အခါမှာ ကျွန်တော်တို့ လိုချင်တဲ့ ပုံစံ မရသေးတော့ ကျွန်တော်တို့ ဆီမှာ အခက်အခဲတွေ အများကြီး ရှိတယ်။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ပုံစံမျိုးထဲတော့ မ၀င်ဘူးပေါ့။ စနစ်တကျတော့ ကျွန်တော်တို့ စီစဉ်တာပဲ။ နည်းပညာပိုင်းဆိုင်ရာ အားနည်းမှုတွေ ရှိသလို ဒါ ကျွန်တော် မြို့နယ်ဆိုင်ရာ ကိုယ်စားလှယ်တစ်ယောက် အနေနဲ့ ပြောတာပါ။ ဒါက အုပ်ချုပ်ရေးပိုင်းက လုပ်တာပေါ့။ ကျွန်တော်တို့ ဒေသဆိုင်ရာ ကိုယ်စားလှယ်တွေက ဘေးကနေ လိုအပ်တာတွေကို ကူညီ လုပ်ကိုင်ပေးတာပါ။ အချို့ မြေယာမဲ့ ကျူးပြည်သူတွေပေါ့။ စာရင်းကောက်မယ်လို့ အသံကြားတော့ ထပ်မံကျူးလာတာ တွေ့ရတယ်။ စတင်ကောက်ပြီလည်းဆိုရော ရပ်ကွက်တွေထဲမှာ သူနဲ့ ငါနဲ့သိတယ်။ ငါနဲ့ သူနဲ့ သိတယ်ဆိုတဲ့ ပုံစံမျိုး အရင်ကလိုပဲပေါ့ဗျာ” ဟု ဦးညီညီက ဆိုသည်။

“အုပ်ချုပ်ရေးပိုင်းက ဒီစာရင်းကို ကောက်တာ။ ကျွန်တော် အုပ်ချုပ်ရေးတိုင်းကို မဆိုလိုပါဘူး။ စာရင်းကောက်ယူတဲ့ သူတွေရဲ့ ပြောပြချက်အရတော့ အုပ်ချုပ်ရေးပိုင်းတွေရဲ့ စာရင်းကောက်ယူမှုမှာ အကျင့်ပျက် ခြစားမှုတွေက ရှိကောင်းရှိလာဦးမလားဆိုတာ ကျွန်တော်တို့ တွေးနေရတယ်။ ပြည်သူကိုတော့ ကျွန်တော်တို့ မပြောချင်ဘူး။ အခွင့်အရေးအရ ကျူးကျော်လာတဲ့ သူတွေကို အုပ်ချုပ်ရေးပိုင်းက တာဝန်ယူပြီး ဖြေရှင်းပေးရမယ်။ စာရင်းကောက်တဲ့သူတွေ ပြောတာကတော့ သူတို့ အုပ်ချုပ်ရေးပိုင်းကို စိတ်မချဘူး။ တိုးလာတဲ့ သူတွေကိုလည်း နောက်မှ ကောက်ရမှာ။ အခု တစ်ခါတည်း ကောက်တယ်။ ရာဆယ်တွေနဲ့ နီးစပ်တဲ့ သူတွေကို နီးစပ်သလို ကောက်တယ်ပေါ့ဗျာ။ ဒါတွေတော့ ရှိတယ်။ အခြားပြဿနာတော့ မရှိပါဘူး” ဟု ဦးညီညီက ဆက်လက်ပြောကြားသည်။

ကျူးကျော်စာရင်း ကောက်ယူရာတွင် ဦးစွာ အုပ်ချုပ်ရေးပိုင်းက ကောက်ထားသည့် စာရင်းအတိုင်းကို နာမည်ခေါ်ပေးပြီး အိမ်ထောင်ဦးစီးကိုယ်တိုင် နာမည်လာသွင်းစေကြောင်း၊ နာမည်သွင်းပြီးသည်နှင့် Finger Print ဖတ်၍  ဓာတ်ပုံရိုက်ကာ နာမည်စာရင်း သွင်းစေကြောင်း၊ ထို့နောက် မိသားစုမည်မျှ ဆိုသည်ကို စိစစ်ပြီးသည်နှင့် Smart Card ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ကောက်ယူရာတွင် အခက်အခဲများကြောင့် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် စာရင်းကောက်ယူသည့် သတ်မှတ်ရက်ထက် နောက်ကျနိုင်ကြောင်း ဦးညီညီက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျူးကျော်များကို စနစ်တကျ စာရင်းကောက်ယူမည်ဖြစ်ပြီး ၎င်းတို့၏ ဘ၀ ပြန်လည်ထူထောင်ရေးအတွက် ကူညီပေးမည်ဟု ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေ ၂၅ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် ကျူးကျော်စာရင်း ကောက်ယူရေးဆိုင်ရာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။ 

Source : Eleven Media Group

Facebook comments