မင်္ဂလာဈေး(ယာယီ)ဈေးသစ်တွင် ရောင်းချနိုင်ရန်အတွက် မင်္ဂလာဈေးမီးဘေးသင့် ဈေးသူဈေးသားများကို စက်တင်ဘာလ ၃ ရက်၊ နံနက်ပိုင်းက မန္တလေးမြို့၊ မြို့တော်ခန်းမတွင် မဲနှိုက်၍ ဆိုင်ခန်းနေရာများချထားပေးလျက်ရှိသည်။
အဆိုပါယာယီဈေးကို မဟာအောင်မြေမြို့နယ်၊ ၃၅လမ်းနှင့် ၇၁လမ်းဆုံရှိ မဟာနွယ်စဉ် ဘောလုံးကွင်းတွင် တည်ဆောက်ခဲ့ပြီး အတည်ဆိုင်ခန်းပေါင်း ၃၃၆ခန်းနှင့် ပျံကျဆိုင်ခန်း ၂၇၀ ကို မဲစနစ်ဖြင့် ချထားပေးခြင်းဖြစ်သည်။
ထိုသို့ ယာယီဆိုင်ခန်းများ တည်ဆောက်ပေးထားသော်လည်း ချက်ခြင်းဈေးတက်ရောင်းချရန် မဖြစ်နိုင်သေးသောကြောင့် ဈေးသူဈေးသားတစ်ချို့က မိမိရရှိသောဆိုင်ခန်းများကို ပြန်လည်ပြုပြင်မှုများလုပ်ဆောင်ရဦးမည်ဟု မဲလာရောက်နှိုက်သူ ဈေးသူ၊ဈေးသားတစ်ချို့က ဆိုသည်။
မဲလာရောက်နှိုက်သူ ဦးကိုကိုအောင်က "ပြင်ဆင်ဖို့ ၁၀ ရက်လောက်ခွင့်ပြုဖို့ တင်ပြတော့ စည်ပင်ကလည်း လက်ခံပါတယ်။ပြင်ဖို့ကတော့ ကိုယ့်ငွေနဲ့ကိုယ်ပြင်ဆင်ရမှာပါ။"ဟုပြောသည်။
ထို့ကြောင့် ဆိုင်ခန်းများ ပြင်ဆင်မှုပြုလုပ်ပြီးမှသာ ဖွင့်လှစ်နိုင်မည်ဖြစ်သောကြောင့် စက်တင်ဘာလလယ်လောက်မှသာ ခင်းကျင်းရောင်းချနိုင်မည်ဟု မဲလာရောက်နှိုက်သူ တစ်ချို့က ဆိုသည်။
"အားလုံးပြင်ရဦးမှာပါ။ အခက်အခဲတော့ရှိတာပေါ့။ ဆိုင်ခန်းရရင် တန်းဖွင့်ချင်တာပဲ။"ဟု ဒေါ်တင်တင်ဆန်းကပြောသည်။
မဲစနစ်နှင့်ပေးခြင်းဖြစ်သောကြောင့် ဝေဖန်မှုမပြုလိုသလို ပွင့်လင်းမြင်သာလုပ်ဆောင်ပေးခြင်းအတွက်လည်း စည်ပင်သာယာရေးကော်မတီနှင့် ဈေးအကျိုးတော်ဆောင်များကိုလည်း ကျေးဇူးတင်ရှိသည်ဟု မဲလာရောက်နှိုက်သူများကဆိုသည်။
စည်ပင်သာယာရေးကော်မတီ၊ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက "ဈေးအကျိုးတော်ဆောင်များနှင့် ညှိနှိုင်းတိုင်ပင်ပြီး ပြုလုပ်ပါတယ်။"ဟု ပြောသည်။
အဆိုပါ မင်္ဂလာဈေးသည် မတ်လ ၂၂ ရက်၊ ညနေပိုင်းက လောင်းကျွမ်းခဲ့ခြင်းဖြစ်သည်။
Source: mizzimaburmese
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments