မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် ၂၀၁၂ ခုနစ်နောက်ပိုင်း မြေယာ သိမ်းဆည်းခံရမှုကြောင့် အမျိုးသမီး အများစုသည် အသက် မွေးဝမ်းကျောင်း ပျောက်ဆုံးနေသည်ဟု ကရင် လူ့အခွင့်အရေး အဖွဲ့ (KHRG) က အစီရင်ခံစာ ထုတ်ပြန်သည်။
၂၀၁၂ ခုနစ် ဇန်နဝါရီ မှ ၂၀၁၆ ခုနစ် မတ်လအတွက် KHRG က “မျက်ကွယ်ပြု ခံရသော အခွင့်အရေးနှင့် ရုန်းကန်မှုများ” အစီရင်ခံစာကို ရေးသားခဲ့ကြောင်း၊ ထိုအစီရင်ခံစာသည် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ဒေသကို ဦးတည်ပြုလုပ်သည့် အစီရင်ခံစာ ဖြစ်ကြောင်း သြဂုတ်၃ ရက် က Summit Park View ဟိုတယ်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
အစီရင်ခံစာတွင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသဖြစ်သည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း (မြောက်ပိုင်း) နှင့် ပဲခူးတိုင်း အရှေ့ဘက်တို့ ပါဝင်ပြီး အဓိကအနေဖြင့် အမျိုးသမီးများ ကြုံတွေ့နေရသည့် အသက်မွေးဝမ်း ကျောင်းနှင့် မြေယာသိမ်းဆည်းမှု၊ ကျန်းမာရေး၊ ပညာရေး၊ မြေမြှုပ်မိုင်းများ၊ အဓမ္မလုပ်အားပေး ခိုင်းစေခြင်း၊ အဓမ္မ အခွန် ကောက်ခံခြင်းနှင့် ခြိမ်းခြောက်ငွေညှစ်ခြင်းတို့ကို ထည့်သွင်း ရေးသားထားသည်။
လွန်ခဲ့သည့် ၁၀နှစ်ကျော်တွင် ကရင်ပြည်နယ်တွင်း အမျိုးသမီးများ အကြမ်းဖက်ခံရမှု၊ သတ်ဖြတ်မှုတို့များစွာ ကြုံခဲ့ပြီး ၂၀၁၂ ငြိမ်းချမ်းရေး ရယူပြီးနောက်ပိုင်း စီးပွားရေး လုပ်ငန်းရှင်များက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထောက်ခံချက်ဖြင့် စီးပွားရေး လုပ်ရန် ဝင်ရောက်လာသဖြင့် မြေယာသိမ်းဆည်းမှုများ ကြုံတွေ့ရကာ အမျိုးသမီးများအတွက် အသက် မွေးဝမ်းကျောင်း ခက်ခဲနေသည် ဟု KHRG မှ ပြောရေးဆိုခွင့်ရှိသူ ဂျက်စမင် က ဧရာဝတီသို့ ပြောသည်။
“၂၀၁၂ ခုနစ်နောက်ပိုင်းမှာတော့ အမျိုးသမီးတွေ အကြမ်းဖက်ခံရတာတွေ အတင်းအဓမ္မကျင့်တာတွေ နည်းသွားတယ်။ ဒါ ပေမယ့် မြေယာတွေ သိမ်းဆည်းတာတွေကလည်း မတူတဲ့ လူ့အခွင့်အရေ့း ချိုးဖောက်မှုပါပဲ”ဟု ဂျက်စမင် က ဆိုသည်။
မြေယာ သိမ်းဆည်းမှု ကျူးလွန်သူများသည် အစိုးရတပ်မတော်၊ မြန်မာပြည် အရှေ့တောင်ပိုင်းရှိ နယ်ခြားစောင့်တပ်၊ ပြည် တွင်းနှင့် နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်များ၊ နိုင်ငံတော်အစိုးရတို့ ဖြစ်သည်ဟုလည်း ၎င်းအစီရင်ခံစာတွင် ရေးသား ထားသည်။
“ကျနော်တို့ အနေနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ ထုတ်ပြန်ကြေညာချက်တွေနဲ့ မကျေနပ်သေးပါဘူး။ ရလဒ်ကောင်းရတဲ့ အထိ ပူးပေါင်းဆောင်ရွက်သွားပါမယ်”ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ယမန်နေ့က ပြုလုပ် သည့် အစီရင်ခံစာ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အပစ်ခတ်ရပ်စဲရေး နောက်ပိုင်း ဖြစ်ပေါ်လာသည့်အခက်အခဲများ ငြိမ်းချမ်းရေးနှင့်ဆက်နွယ်သည့် အခက်အခဲများ ရှိကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် တိုင်ကြားချက်များကို စုံစမ်းစစ်ဆေးပြီး သက်ဆိုင်ရာ အစိုးရဌာနကို လိုအပ်သလို အကြံပြု တင်ပြသွားမည်ဟုလည်း ဦးဝင်းမြက ပြောဆိုသည်။
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments