မန္တလေး အငှားအိမ်ရာများ အရောင်းအ၀ယ် ပြုလုပ်မှု တရားမ၀င်ဟု စည်ပင်ပြော

javascript
မန္တလေးမြို့ရှိ ဧရာဝတီမြစ်ကမ်းဘေး၌ နေထိုင်သည့် ကျူးများအတွက် မန္တလေးမြို့တော် စည်ပင်သာယာ ကော်မ တီ က မတ်လအတွင်းက မဲနှိုက်၍ ချထားပေးခဲ့သည့် အငှားအိမ်ရာတိုက်ခန်းများတွင် ဧပြီလကုန်ပိုင်းမှ စတင် ကာ အရောင်း အ၀ယ်ပြုလုပ်မှု များရှိနေပြီး အဆိုပါ အရောင်းအ၀ယ်ပြုလုပ်မှုများသည် တရားမ၀င် ကြောင်း မန္တလေးစည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတဦးက ပြောဆိုသည်။

“အငှားတိုက်ခန်းအဖြစ် ချထားပေး တာဖြစ်ပြီး ရောင်းဝယ် ခွင့်မရှိပါဘူး။ အရောင်းအ၀ယ်လုပ်တာကို တိတိကျကျ တိုင်ရင် အရေးယူသွားမယ်၊ အမှန်တကယ် အရောင်းအ၀ယ်ဖြစ်နေပါတယ်ဆိုရင်လည်း သိတဲ့သူက တာဝန် သိစွာနဲ့ တိုင်ကြားပေး ကြဖို့ တိုက်တွန်းချင်ပါတယ်၊ ကျနော် တို့အနေနဲ့ ရှောင်တခင်စစ်ဆေးသွားဖို့လည်း လုပ် နေ ပါတယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောသည်။

အဆိုပါ အငှားအိမ်ရာ တိုက်ခန်းများ အရောင်းအ၀ယ်ဖြစ်နေ ရာတွင် မြေညီထပ် တစ်ခန်းကို ကျပ်၂၅ သိန်း မှ သိန်း ၃၀ ၀န်းကျင်၊ ပထမထပ် တစ်ခန်းကို ကျပ် ၁၅သိန်းဝန်းကျင်၊ ဒုတိယထပ် တစ်ခန်းကို ကျပ် ၁၀သိန်း ၀န်းကျင်နှင့် တတိယထပ်(အပေါ်ဆုံးထပ်)တွင် ၇-သိန်းကျပ်ဝန်းကျင် ဈေးခေါ်ကာ အရောင်း အ၀ယ် ဖြစ်နေကြောင်း သိရသည်။

“ကျမတို့က အငှားအိမ်ရာမှာ မဲနိုက်ပြီးမှ နေရာရခဲ့တာပါ၊ စည်ပင်က စာချုပ်ထဲမှာ အရောင်း၊အ၀ယ် မလုပ်ရဘူး လို့ပါပေ မယ့် ခုလို အရောင်းအ၀ယ်တွေဖြစ်နေတော့ ကျွန်မတို့ အမှန်တကယ်နေထိုင်သူတွေအတွက် စိုးရိမ်ရ တယ်၊ စည်းကမ်းအရ အရောင်းအ၀ယ်ပြုလုပ်မယ်ဆိုရင် ပြန်သိမ်းမယ်လို့ပါတယ်လေ”ဟု နှင်းဆီိအိမ်ရာ အငှား နေထိုင်ခွင့်ရသည့် မမိုးမိုးက ပြောသည်။

မန္တလေးတွင် အငှားအိမ်ရာတည်ဆောက်ခြင်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် အောင်မြေသာစံမြို့နယ်၊ မြို့ပတ်ကမ်းနားလမ်းရှိ မန္တလေးစည်ပင်ပိုင် မြေကွက် ၃ ကွက်တွင် ၁၂ ခန်းတွဲ ၆ ထပ် အဆောက်အအအုံ ၂၂လုံး ကို ကျပ်ငွေသန်းပေါင်း ၁၁၀၀၀ အကုန်အကျခံကာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက တည် ဆောက် ပေးခဲ့ ခြင်းဖြစ်ပြီး အခန်းပေါင်း ၁၅၈၄ ခန်း ပါဝင်ကာ မန္တလေးမြို့တွင် ပထမဆုံး တည်ဆောက်ခဲ့ သည့် အငှားအိမ်ရာစီမံကိန်းတခုဖြစ်သည်။

အဆိုပါ အငှားအိမ်ရာများကို ဧရာဝတီမြစ်ကမ်းနားတလျှောက် အောင်မြေသာစံမြို့နယ်၊ ချမ်းအေး သာစံ မြို့နယ် နှင့် မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ် မြစ်ကမ်းပါး၌ ယာယီတဲများဖြင့် နေထိုင်ကြသော ကာယ လုပ်သား များကို မဲနှိုက်စနစ်ဖြင့် ချထားပေးခဲ့ရာ တိုက်ခန်းငှားရမ်းခွင့်ရရှိထားသူ ၁၂၀၆ ဦးရှိခဲ့ ကြောင်း၊ အိမ်ရာ မဲ့များ ကျူးကျော်နေထိုင်သည့် ပြဿနာကို ဖြေရှင်းသည့်အနေဖြင့် အငှားအိမ်ရာများ တည်ဆောက် ပေးခြင်း ဖြစ်ပြီး အငှားအိမ်ရာတွင် အမှန်တကယ်အိမ်ယာမဲ့ ကျူးကျော်သူများအတွက် လစဉ်ငှားရမ်းခအဖြစ် တစ်လလျှင် ကျပ်သုံး သောင်းနှုန်းဖြင့် ငှားရမ်းပေးထားခြင်းဖြစ်ကြောင်း သိရှိရသည်။

Source: irrawaddy

Facebook comments