တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ပေးရန်စီစဉ်နေသော်လည်း မြေနေရာ အခက်အခဲဖြစ်

javascript
မန္တလေးမြို့၌ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ငွေကျပ်သိန်း ၁ဝဝ အောက် တန်ဖိုး နည်းအိမ်ရာများ ဆောက်လုပ်ပေးရန် စီစဉ်နေသော်လည်း လတ်တလော အခြေအနေ တွင် မြေနေရာ အခက်အခဲဖြစ် ပေါ်နေကြောင်း သိရသည်။

အခြေခံလူတန်းစားပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစား ဝန်ထမ်းများ နေထိုင်ရေး အဆင်ပြေစေရန် အတွက် တန်ဖိုးနည်အိမ်ရာ များဆောက်လုပ်ရန် စီစဉ် နေသော်လည်း မြေနေရာအခက်အခဲကြောင့် မြို့၏ ဆင်ခြေဖုံး ရပ်ကွက်များတွင် မြေကွက်ရှာဖွေနေကြောင်း တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦး က ပြောကြားသည်။

''လူနေတိုက်ခန်း အရေအတွက်များများလုပ်ချင်ပေမယ့် မြေက ရှားနေတော့ မြေ ကွက်တွေ ဝယ်ဖို့ လိုက်ရှာ နေပါတယ်။ မြို့တော်စည်ပင်နဲ့ တိုင်းဒေသကြီး အစိုးရ ဘက်က မြေနေရာပေးမယ်ဆိုရင် အဆင်ပြေနိုင်တယ်။ ငွေကျပ် သိန်း ၁ဝဝ အောက် တန်ဖိုးနည်း တိုက်ခန်းတွေဖြစ်တဲ့အတွက် အခန်းတော့ကျဉ်း သွားမယ်။ အခုခေတ် အိမ်ငှား ဈေးကလည်း ငါးသောင်းကနေ တစ်သိန်းကြား ရှိနေတော့ ဝန်ထမ်းတွေနေရေး တော်တော် ဒုက္ခရောက် ရတယ်။
ဒါကြောင့် ဝန်ထမ်းတွေ အတွက်ရော ပြည်သူတွေ အတွက်ပါ ဆောက် လုပ်ပေးသွားမှာပါ'' ဟု ၄င်းက ဆိုသည်။

လက်ရှိတွင်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ချမ်းမြ သာစည်မြို့နယ်တွင် လုပ်သက်၂၅ နှစ် အထက် ဝန်ထမ်းများ နေထိုင်ရန်အတွက် တန်ဖိုးမျှတအိမ်ရာများ တည်ဆောက်ပေး ပြီး မြေညီထပ်တစ်ခန်းလျှင် ငွေကျပ် ၁၆၅ သိန်း၊ ပထမထပ် ငွေကျပ် ၁၅၅ သိန်း၊ ဒုတိယထပ် ငွေကျပ် ၁၄၅ သိန်းနှင့် တတိယထပ် ငွေကျပ် ၁၃၅ သိန်းတို့ဖြင့် အိမ်ခန်း ၄ဝဝ ရောင်းချပေးခဲ့ကြောင်း သိရသည်။

Source: MOI Webportal Myanmar

Facebook comments