အကွက်ရိုက် ရောင်းချနေသည့် ပြင်ဦးလွင်မြို့နယ် မိုးကုတ်ကားလမ်းဘေးမှ မြေနေရာများကို တာဝန်ရှိသူများ စတင်ရှင်းလင်း

javascript
ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စိုက်ပျိုးရန် ချထားပေးသည့် မြေများကို အမှန်တကယ်စိုက်ပျိုးခြင်းမရှိဘဲ ကွက်စိတ်ရိုက် ရောင်းဝယ်နေမှုများကြောင့် အဆိုပါနေရာများကို မြေယာဥပဒေနှင့် မညီညွတ်သောမြေယာများ အရေးယူ ရှင်းလင်းရေးကော်မတီ ဖွဲ့စည်း၍ စတင်ရှင်းလင်းလျက်ရှိကြောင်း ပြင်ဦးလွင်ဒေသခံများထံမှ သိရသည်။ ယင်းနှင့်ပတ်သက်၍ အဆိုပါကော်မတီ၏ နာယက ဖြစ်သူ၊ ပြင်ဦးလွင်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းက ''ပြင်ဦးလွင်မြို့ နယ်တစ်ခုလုံးအနေနဲ့ ဆိုရင်တော့ အခုလို ကွက်စိတ်ရိုက် ရောင်းထားတာက ဧက ၅ သောင်းကျော်လောက်အထိ ရှိနေပါတယ်။ ခန့်မှန်းရ ခက်ခဲပါတယ်။ 

အရပ် ၁၆ မျက်နှာလုံးမှာ ရွာတိုင်းရွာတိုင်းမှာ အကွက်စိတ်ရောင်းထားတာတွေ အများကြီးပါ''ဟု မေ ၉ ရက်က ပြောသည်။အဆိုပါနေရာများကို စတင်ရှင်းလင်းရန်အတွက် ကော်မတီတစ်ခုကို မကြာခင်ရက်ပိုင်းအတွင်းမှ စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ မိုးကုတ်ကားလမ်းဘေးရှိ မြေကွက် ၅ဝ ကျော်ကို စတင်ဖယ်ရှားပြီးသွားပြီ ဖြစ်ကြောင်း သိရသည်။ ဦးအောင်မင်းက ''အခုဖြစ်နေတာက မြေလွတ်မြေရိုင်းနယ်မြေအားလုံးမှာ ဖြစ်နေတာတွေပါ။ 

ကျွန်တော်တို့အနေနဲ့ ဖြည်းဖြည်းချင်း ရှင်းသွားမှာပါ။ မြေယာဥပဒေကို အရင်ဆုံးသိအောင် လိုက်လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ အခုကော်မတီမှာ ဌာနပေါင်းစုံ ပါတဲ့အတွက် ဘယ်ဌာနက ဘယ်မှာချထားပေးတယ်ဆိုတာ အကုန်သိရပါတယ်''ဟု ဆက်လက်ပြောသည်။ ထိုကဲ့သို့ ရှင်းလင်းရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ ''ပြင်ဦးလွင်မှာက ဥယျာဉ်ခြံမြေတွေကို အရင်ကတော့ ခြံစောင့်တဲ၊ လယ်စောင့်တဲ ပုံစံမျိုးလေးတွေကို အုတ်တိုက်ပုံလေးတွေနဲ့ ဆောက်ပြီး နေလာခဲ့ကြတာဗျ။ 

ဒီလိုနေလာကြတာတွေက တဖြည်းဖြည်း များလာတာရယ်၊ နောက်ပိုင်းမှာ အရေးယူမှုတွေ ဘာတွေလည်း သိပ်မရှိတာတွေကြောင့် ဒီဘက်ပိုင်းကျတော့ ဥယျာဉ်ခြံမြေတွေကိုပဲ နေထိုင်ခွင့် ပြန်လျှောက်ပေးမယ် ဆိုတာမျိုး လုပ်ပြီး ပုံစံ(၇)လောက် ရှိရုံနဲ့တင် ပေ ၅ဝ ပတ်လည်တို့၊ တစ်ဧကပတ်လည်တို့ အကွက်တွေရိုက်ပြီး ရောင်းလာခဲ့ကြတာပေါ့။ တကယ်တမ်းကျတော့ အဲဒါတွေက မြေယာဥပဒေတွေနဲ့ ဘယ်ညီညွတ်မှုရှိမှာလဲ။ အဲဒါကြောင့် အခုလို ကော်မတီ ဖွဲ့ပြီး ရှင်းလင်းတယ်လို့ သိရတယ်'' ဟု ပြင်ဦးလွင်မြို့ခံ တပ်မတော်အရာရှိဟောင်းတစ်ဦးက ပြောသည်။

''ကျွန်မတို့က ပြင်ဦးလွင်-မိုးကုတ် ကားလမ်းဘေး မိုးကြိုးပြင် ရပ်ကွက်ကြီး ၂၁ မှာ မြေဝယ်ပြီး အိမ်ဆောက်နေတာပါ။ ကျွန်မတို့ဘက်မှာတော့ ရွာမြေဖြစ်တဲ့အတွက် အခုလို ဖျက်သိမ်းတယ်ဆိုတဲ့သတင်း မကြားမိပါဘူး။ စိုက်ပျိုးမြေဖြစ်တဲ့ ယာမြေပေါ်မှာ လူနေအိမ်တွေအတွက် ဆောက်တာဆိုရင်တော့ ဖျက်ဆီးခံရတာ ဖြစ်နိုင်ပါတယ်။ ကျွန်မတို့ဘက်မှာတော့ ဒီလိုဖျက်တယ်ဆိုတာ မဟုတ်ပါဘူး''ဟု ရပ်ကွက်ကြီး ၂၁ နေ သံပန်းသံတံခါးလုပ်ငန်းရှင် ဒေါ်ခင်မြင့်ရီက ပြောသည်။ 

အဆိုပါ မြေနေရာများကို စိုက်ပျိုးမြေအဖြစ် ပြန်လည်သတ်မှတ်မှာ ဖြစ်ပြီး မြေကွက်ဝယ်ယူထားသူများအနေဖြင့် နစ်နာမှုများကို ရောင်းချသူများနှင့်သာ ညှိနှိုင်းရမည်ဖြစ်ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်ပြီး မြေယာဥပဒေနှင့် မညီညွတ်သော မြေယာများ အရေးယူရှင်းလင်းရေးကော်မတီတွင်း အဖွဲ့ဝင်အဖြစ် ပါဝင်သူ တစ်ဦးက ''ရှင်းလင်းတဲ့နေ့ကတော့ ကျွန်တော်တို့ ပါမသွားပါဘူး။ အခု အကွက်ရိုက်ရောင်းတာ အများစုကတော့ မြေလွတ်မြေရိုင်းတွေနေရာမှာ ဖြစ်ပေါ်နေတာပါ''ဟု ပြောသည်။

မြေယာဥပဒေနှင့် မညီညွတ်သော မြေယာများ အရေးယူရှင်းလင်းရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဦးစီးမှူး၊ အတွင်းရေးမှူးအဖြစ် မြို့နယ်မြေစာရင်းဦးစီးဌာနတို့ ပါဝင်ပြီး အဖွဲ့ဝင်များအဖြစ် အခြားဆက်စပ်ဌာနများ ပါဝင်ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်ပြီး ကော်မတီဥက္ကဋ္ဌဖြစ်သူ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးတင်နိုင်စိုးကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ''ကျွန်တော် ဖုန်းနဲ့ မဖြေချင်ပါဘူး။ ကိုယ်တိုင်လာခဲ့ပါ။ ကိုယ်တိုင်ပဲ ဖြေပါ့မယ်''ဟု ပြန်လည်ဖြေကြားခဲ့သည်။

ယခုအခါတွင် ပြင်ဦးလွင်မြို့၌ ထိုကဲ့သို့ မြေနေရာများကို ရှင်းလင်းနေမှုများကြောင့် ယခင်က အကွက်ရိုက် ဝယ်ယူထားသူများက ၎င်းတို့၏ မြေကွက်များကို အဆောတလျင် ပြန်လည်ရောင်းချနေမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ပြင်ဦးလွင်ဒေသခံများထံမှ သိရသည်။

Source: Yangon Media Group

Facebook comments