09-261334475

**ကြိုပွိုင့်တိုက်ခန်းဝယ်‌ကြတော့မယ်ဆိုရင်**

ကြိုပွိုင့်ဆိုတာ တိုက်မဆောက်ခင် ဒါမှမဟုတ် ဆောက်မပြီးခင် မရှိသေးတဲ့ တိုက်ခန်းကိုကြိုတင်ပြီး အရောင်းအဝယ်ပြုရာမှာ ခေါ်ဆိုတဲ့ ခေတ်ပေါ် အသုံးအနှုန်းပါ။ တိုက်ခန်းနေလိုသူတွေဟာ အချိန်ပေးနိုင်ပြီး အလျင်လည်းမလိုဘူးဆိုရင် ကြိုပွိုင့်အခန်းတွေကို စိတ်ဝင်စားတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဈေးသက်သာတာရယ်၊ အရစ်ကျပေးနိုင်တာရယ်နဲ့ ကြိုက်တဲ့အခန်းကို ဦးဆုံး ရွေးချယ်နိုင်ခွင့် ရှိတာတွေကြောင့် ဖြစ်ပါတယ်။ အဲ့ဒီ အခွင့်အလမ်းတွေကြောင့်ပဲ တိုက်ခန်းဝယ်ရောင်းသမားတွေဟာလည်း နေရာကောင်းပြီး အမြတ် အစွန်း ရှိနိုင်မယ့် တိုက်ခန်းမျိုးဆိုရင် လက်ဦးမှုယူပြီး ဝယ်ထားလေ့ရှိပါတယ်။
ကြိုပွိုင့်တိုက်ခန်း ဝယ်မယ်ဆိုရင် အများအားဖြင့် တိုက်ဖောင်ဒေးရှင်း စတူးတဲ့နေ့ကစပြီး တိုက်ခန်းတွေကို ရောင်းချလေ့ရှိပါတယ်။ အရစ်ကျငွေ ပေးချေရတာဖြစ်ပြီး စဝယ်တဲ့နေ့မှာ ကြိုပွိုင့်တိုက်ခန်းတန်ဖိုးရဲ့ ထက်ဝက်ကို ပေးရလေ့ ရှိပါတယ်။ တစ်ခါတစ်လေ စရန် အရင်ချပြီး နောက်ရက်ပိုင်းမှ အဲ့ဒီ ထက်ဝက်ငွေပြည့်အောင် ထပ်ပေးချေရပါတယ်။ ဒုတိယအရစ်ကိုတော့ ကိုယ်ဝယ်ယူတဲ့အခန်း ကြမ်းခင်းကွန်ကရစ်(စလက်) လောင်းပြီးဆိုရင် ကျန်ငွေရဲ့ ထက်ဝက်ကို ထပ်ပြီး ပေးရပါတယ်။ နောက်ဆုံး ကျန်ငွေကိုတော့အဆောက်အဦး အမိုးတင်တဲ့ အချိန်မှာ ပေးရပေမယ့် အခုနောက်ပိုင်း အကုန်မပေးကြပါဘူး။ အထိုက်အလျောက်ချန်ပြီး လူနေခွင့်(BCC) ကျလို့ အခန်းအပ်ရင် အပြီးအစီး ပေးချေပါတယ်။ တစ်ခါတစ်လေလည်း လူနေခွင့်မကျမီ အခန်းအပ်ရင်လည်း ပေးချေကြပါတယ်။ ဥပမာ တိုက်ခန်းတန်ဖိုး (၁၀၀)ဆိုရင် ငွေချအရစ်က (စရန် ၁၀ + ၄၀) + ၂၅ + ၁၅ + BCC ၁၀ ဖြစ်ပါတယ်။ တစ်ချို့ကလည်း (စရန် ၅ + ၃၅) + ၃၀ + ၂၀ + BCC ၁၀ ရယူကြပါတယ်။ ပြောရမယ်ဆိုရင် အရစ်ကျ ငွေပေးချေမှုစနစ်မှာ အခြေခံတူပေမယ့် အသေးစိတ် သတ်သတ်မှတ်မှတ် မရှိကြပါဘူး။ အခုနောက်ပိုင်း အခြေခံမူပေါ်မှာ ရောင်းသူ၊ ဝယ်သူ နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး အဆင်ပြေသလို ဆောင်ရွက်သွားကြတာ များပါတယ်။
ဒီနေရာမှာ အထူးသဖြင့် ပုံမှန် ကန်ထရိုက်တိုက်တွေရဲ့ ကြိုပွိုင့်အရောင်းအဝယ်ကို ဦးစားပေးဖော်ပြသွားမှာ ဖြစ်ပါတယ်။
ဆောက်လုပ်မှုကာလကို နှစ်ခန်းတွဲ(၇)ထပ်၊ (၈)ထပ် ပုံမှန်တိုက်များအတွက် တစ်နှစ်ခန့် အချိန်ယူလေ့ရှိပါတယ်။ တိုက်ခန်းတွဲများရင်တော့ ပိုကြာတတ်ပါတယ်။ ဆောက်လုပ်‌သူတွေက မလွှဲမရှောင် အထစ်အငေါ့ ဖြစ်သွားလို့ကလွဲရင် တတ်နိုင်သမျှ မြန်မြန်ပြီးအောင် ကြိုးစားဆောင်ရွက်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အချိန်ကြာလေ သူတို့အတွက် စရိတ်တက်လေ၊ ဆိုးကျိုးများလေ ဖြစ်လို့ပါပဲ။ စရိတ်နဲ့ ဆိုးကျိုးဆိုရာမှာ အိမ်ဟောင်းက မူလနေထိုင်သူတွေကို ခေတ္တအိမ်ငှားပေးရတဲ့စရိတ်၊ ဆောက်လုပ်ရေးပစ္စည်းတွေရဲ့ ဈေးတက်ရိပ်၊ လှည့်ပတ်သုံးစွဲငွေ လျော့နည်းသွားမယ့် သောက၊ ပေးဆောင်ရမယ့် အမြတ်ခွန်၊ အရစ်ကျ ကြိုပွိုင့်ငွေ သတ်မှတ်ချိန် မှန်မှန်မရမယ့် အခက်အခဲ၊ တိုက်ခန်းပြီးစီးချိန် မှန်းထားတဲ့ ဈေးရပါ့မလားဆိုတဲ့ ပူပန်မှု၊ တိုက်ခန်း ရောင်းမထွက်မှာ စိုးရိမ်ရမှု စတာတွေ ဖြစ်ကြပါတယ်။
ဒါကြောင့် ဆောက်လုပ်သူတွေဟာ ဒီကာလကို အဆင်ချောချောနဲ့ ဖြတ်ကျော်နိုင်ဖို့ ရင်တမမနဲ့ လျှောက်လှမ်းကြရပါတယ်။ ပြောရရင်တော့ ဆောက်လုပ်သူတင်မဟုတ်ပဲ ကြိုပွိုင့်ဝယ်သူတွေ၊  မြေရှင်တွေကလည်း မြန်မြန်ပြီးချင်ကြတာပါပဲ။ ဒါမှ သူတို့ တိုက်ခန်းအမြန်ရမယ်။ အမြန်နေရမယ်။ စောစောပြန်ရောင်းနိုင်မယ်။ မြေရှင်လည်း လက်မှတ်ထိုးခ စောစောပြန်ရမှာ ဖြစ်ပါတယ်။
လူနေအဆောက်အဦးတွေကို မြေပိုင်ဆိုင်သူကိုယ်တိုင် ဆောက်တာရှိပေမယ့် နည်းပါတယ်။ အများအားဖြင့် ဆောက်လုပ်ရေးကုမ္ပဏီ ကန်ထရိုက်တွေက ဆောက်ကြတာများပြီး မြေရှင်နဲ့ တိုက်ခန်းတွေကို ခွဲဝေယူကြပါတယ်။ ဒါကြောင့် ကြိုပွိုင့်တိုက်ခန်းကို ဝယ်တော့မယ်ဆိုရင် ဆောက်လုပ်ရေးပိုင် အခန်းလား၊ မြေရှင်ပိုင်အခန်းလားဆိုတာ လေ့လာဖို့တော့ လိုပါတယ်။ ရောင်းပိုင်ခွင့်ရှိသူထံက တိုက်ရိုက်ဝယ်ယူတာဟာ အကောင်းဆုံးဖြစ်လို့ပါပဲ။ စိစစ်ဆောင်ရွက်ရတဲ့ လုပ်ထုံး လုပ်နည်း တွေမှာတော့ ဆောက်လုပ်ရေးပိုင်ဖြစ်စေ၊ မြေပိုင်ရှင်ဖြစ်စေ မကွာလှပါဘူး။ 
တိုက်ခန်းဝယ်မယ့်သူအနေနဲ့ ဦးစွာစဉ်းစားရမှာက အဆောက်အဦးတည်နေရာဟာ ကိုယ့်စိတ်ကြိုက် ဖြစ်၊ မဖြစ် ဒါမှမဟုတ် မိသားစုနဲ့ အဆင်ပြေမှု ရှိ၊ မရှိဆိုတာပါ။ နောက်ပြီး ကိုယ်သုံးနှုန်းမယ့် ငွေအင်အားနဲ့ အလွှာအမြင့်၊ တိုက်ခန်းအရွယ်အစားတို့ကို ချိန်ဆရပါမယ်။ ဒီနေရာမှာ ဆောက်လုပ်ရေးလုပ်ငန်းအမည်နဲ့ ကန်ထရိုက်တာရဲ့ ရာဇဝင်၊ ဖြစ်စဉ်တွေကို ကြိုတင်လေ့လာ သိမြင်ဖို့ မမေ့အပ်ပါဘူး။ ဒါမှ ကြိုက်ပြီဆိုရင်ဖြင့် ဘာမှ မရှိသေးတဲ့ လေထဲကတိုက်ခန်းကို စိတ်ကူးမြင်ယောင်ပြီး ကိုယ်က ငွေကျွံထားရမှာမို့ စာရွက်စာတမ်း စုံလင်မှု အနေအထားကိုတော့ စိစစ်ဖို့ လိုပါတယ်။
အဓိက ကြည့်ရမှာက ဆောက်လုပ်သူနဲ့ မြေရှင်တို့ ချုပ်ဆိုထားကြတဲ့ ကန်ထရိုက်စာချုပ်ပါ။ ဒီစာချုပ်အရ ဒီအဆောက်အဦးကို ဘယ်သူဆောက်တယ်ဆိုတာရယ်၊ ဆောက်လုပ်မှုကာလနဲ့ ဘယ်နေ့မှ ပြီးစီးရမယ်ဆိုတာရယ်၊ ကန်ထရိုက်က ဘယ်အခန်းတွေ ယူလို့ မြေရှင်က ဘယ်အခန်းတွေရမယ်ဆိုတာရယ် စတဲ့ အဓိကအချက်တွေကို သိရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ကြိုပွိုင့်တိုက်ခန်းအတွက် ဘယ်သူနဲ့ အရောင်းအဝယ်စာချုပ် ချုပ်ရမယ်ဆိုတာ သေချာသိသွားတဲ့အပြင် တိုက်ခန်းအကျယ်၊ အရှည်၊ အမြင့်၊ အလွှာ၊ အခြမ်း၊ ရေ-မီးစုံ၊ ကြမ်းခင်း ကွန်ကရစ်တို့ကို ကြိုတင်သိမြင်ရပြီဖြစ်ပါတယ်။ 
ဆောက်လုပ်ရေးနဲ့ ဆက်နွယ်တဲ့ ရုံးပိုင်းဆိုင်ရာ ကိစ္စရပ်တွေ ဆောင်ရွက်နိုင်ဖို့ မြေရှင်ဟာ ဆောက်လုပ်သူကို ဆောက်လုပ်မှု ကာလအတွက် အထူးကိုယ်စားလှယ်လွှဲစာ ပေးထားလေ့ရှိပါတယ်။
နောက်တဆင့်အဖြစ် ကန်ထရိုက်စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ မြေရှင်အမည်ပေါက် မြေပိုင်ဆိုင်မှု အထောက်အထား မြေပိုင်မြေစာချုပ် (အများအခေါ် ဘိုးဘွားပိုင်မြေ) သို့မဟုတ် မြေငှားစာချုပ် (ဂရန်) စတာတွေကို ကြည့်ဖို့လိုပါလိမ့်မယ်။ ဆောက်လုပ်ရေးပိုင်းဆိုင်ရာ ရုံးကိစ္စတွေကို အခါမလပ် ဆောင်ရွက်နိုင်ဖို့အတွက် မြေရှင်တွေဟာ ဆောက်လုပ်သူတွေကို အဲ့ဒီဘိုးဘွား၊ ဂရန်မြေပုံ၊ မြေရာဇဝင်၊ အခွန်ပြေစာမူရင်း စတာတွေကို ပေးထားရလေ့ရှိပါတယ်။ ဒီလိုကြည့်ခြင်းဖြင့် ရှေ့လှည့်၊ နောက်လှည့်ကအစ တည်နေရာမလွဲ၊ မြေရှင်မလွဲ သိနိုင်ပါတယ်။ ကန်ထရိုက်စာချုပ်ကိုလည်း ဆက်စပ်လက်ခံ ဘဝင်ကျပြီး ဖြစ်ပါလိမ့်မယ်။
ဒီနောက်တော့ ဆောက်လုပ်ခွင့် ပါမစ်ကို ကြည့်ရခြင်းဖြင့် လုပ်ငန်းတကယ် စတင်နိုင်ခွင့် ရှိပြီဆိုတာ သိရသလို၊ ခွင့်ပြုကာလကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ တစ်ဆက်တည်း စည်ပင်အတည်ပြု အဆောက်အဦးပုံစံကို ကြည့်ခြင်းဖြင့် ကိုယ့်စိတ်ကူးထဲက တိုက်ခန်းပုံစံ၊ အထပ်အနေအထားနဲ့ အကျယ်အဝန်းတို့ကို နှိုင်းယှဉ်ခန့်မှန်း တွေ့မြင်နိုင်ပါလိမ့်မယ်။ 
အများအားဖြင့် ဆောက်လုပ်သူနဲ့ မြေရှင်တို့ဟာ ဝယ်သူကို ဖော်ပြပါ အထောက်အထားတွေ ပြသထားလေ့ရှိကြပါတယ်။ တကယ်ဝယ်မယ့်သူအနေနဲ့လည်း မပြရင်တောင် အားမနာတမ်း တောင်းဆိုကြည့်ရှုဖို့ လိုမှာ ဖြစ်ပါတယ်။ မှန်ကန်ရင် ပြနိုင်ပါလိမ့်မယ်။
ဒါတွေအားလုံး စိတ်တိုင်းကျလို့၊ ဈေးတည့်လို့ ကြိုပွိုင့်တိုက်ခန်းဝယ်တော့မယ်ဆိုရင် ဆောက်လုပ်သူ သို့မဟုတ် မြေရှင် အသင့်ရေးဆွဲထားတဲ့ စာချုပ်ပါ စည်းကမ်းချက်တွေကို အသေအချာ ဖတ်ရှုဖို့ လိုပါတယ်။ စာချုပ်မှာ အရောင်းအဝယ်စည်းကမ်းနဲ့ ငွေပေးချေမှုအရစ်ကို ထည့်သွင်းဖော်ပြထားပါတယ်။ တစ်ခါတစ်လေ စာချုပ်စည်းကမ်းချက်တွေမှာ မမျှတတဲ့ စည်းကမ်းတွေ ပါလာတတ်လို့ဖြစ်ပါတယ်။
ကျေနပ်ပြီဆိုရင်ဖြင့် အရောင်းအဝယ်စာချုပ် ချုပ်လို့ရပါပြီ။ စာချုပ်ရာမှာ ကန်ထရိုက်ပိုင် တိုက်ခန်းဖြစ်ရင် မြေရှင်က သိရှိကြောင်းသက်သေအဖြစ် လက်မှတ်ထိုးရမှာ ဖြစ်သလို၊ မြေရှင်ပိုင်အခန်းဆိုရင်လည်း ကန်ထရိုက်တာက သိရှိကြောင်း သက်သေအဖြစ်လက်မှတ်ထိုးကြလေ့ရှိပါတယ်။ ဒါဆိုရင် အမှားနည်းသွားပါလိမ့်မယ်။ တစ်ခန်းထဲကို ထပ်ပြီးရောင်းတာမျိုးလည်း မရှိနိုင်ပါဘူး။ ဒီထက် သေချာချင်ရင်တော့ ရပ်ကွက်ကောင်စီ လူကြီးတွေရှေ့မှာ ချုပ်ဆိုခြင်းပဲ ဖြစ်ပါတယ်။
ဒီလောက်ဆို ကြိုပွိုင့်တိုက်ခန်း အရောင်းအဝယ်တစ်ခု ပြီးမြောက်ပါတယ်။ နောက်ပိုင်း ဆောက်လို့မပြီးမချင်း မကြာခဏ သွားကြည့်ရမှာကတော့ ကိုယ့်တာဝန်ပါ။
#estatemyanmar #realestate_knowledge_sharing
#realestate #property #apartment #condo #flat #house #villa #residence #office #commercial #residential #realtor #agency #agent #tenant #leasing #yangon #myanmar #estate #tsmh
credit to original writer သန်းဦး(မဏ္ဍိုင်)
24/7, ‌News Journal 
(အတွဲ-၃၊ အမှတ်(၁၉)၊ ၁၃-၄-၂၀၀၈)
နောက်ကျောဖုံးဆောင်းပါးမှ ကူးယူဖော်ပြသည်။

Facebook comments