အငြင်းပွားစရာများနှင့် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ ညွှန်ကြားချက်

javascript

မြန်မာနိုင်ငံငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ သဘောတူညီချက်ဖြင့် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (MRESA) မှ ထုတ်ပြန်လိုက်သည့် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ ညွှန်ကြားချက် ၁/၂၀၁၉ သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်က ထွက်ပေါ်လာခဲ့သည်။

ညွှန်ကြားချက် ၁/၂၀၁၉ တွင် တချို့စာပိုဒ်များမှာ မြန်မာနိုင်ငံ ငွေကြေးခဝါချမှုဥပဒေမှ စာပိုဒ်များကို ကူးယူဖော်ပြရေးသားထားသည်ကို တွေ့ရှိရပြီး တချို့စာပိုဒ်အများစုမှာ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေတွင် ပါဝင်သည့်စာသားများကို ပြန်ကူးယူပြီး ရေးထားသည်ကို တွေ့ရသည်။

ယင်းကဲ့သို့ ဥပဒေနှစ်ရပ်ပါ အချက်အချို့ကို ကောက်နုတ်ပြီး ညွှန်ကြားချက်အဖြစ် အစိုးရမဟုတ်သော ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုက နိုင်ငံသားများ၏ လုပ်ပိုင်ခွင့်ကိုကျော်လွန်ပြီး ထုတ်ပြန်ကြေညာခြင်းဖြစ်သည့်အတွက် လက်ခံနိုင်စရာမရှိကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးသင်း (MRPDA) မှ ဒုတိယဥက္ကဋ္ဌ(၁) ဦးအောင်ထွန်းက ပြောသည်။


"ညွှန်ကြားချက်မှာ ရောထွေးတာတွေနဲ့ နားလည်မှု လွဲမှားနိုင်စရာတွေ အများကြီးပါနေတာကို တွေ့ရတယ်။ အစမှာကတည်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကြပ်ရေးအာဏာပိုင် (မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း) ဆိုပြီး ရေးထားတာ တွေ့ရတယ်။ ခေါင်းစဉ်မှာကိုက ပုံမှန်အင်န်ဂျီအိုအသင်းတစ်သင်းက ကြီးကြပ်ရေးအာဏာပိုင်ဆိုတဲ့စကားလုံး သုံးစွဲပိုင်ခွင့်မရှိဘူးလို့ သိထားပါတယ်"ဟု ဦးအောင်ထွန်းက ဆို သည်။

အဆိုပါညွှန်ကြားချက်တွင် ပါဝင်လာသည့် အချို့အချက်များကြောင့် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေသူများကို ရိုက်ခတ်မှုများရှိခဲ့သည်။ ယင်းအချက်မှာ ညွှန်ကြားချက် အခန်း (၂) ပုဒ်မ ၄(က)တွင် ဖော်ပြထားသည့် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူတိုင်းသည် အသင်းတွင် မှတ်ပုံတင်ရမည်ဆိုသည့်အချက်ပင်ဖြစ်သည်။

အဆိုပါအချက်နှင့် စပ်လျဉ်းပြီး မြန်မာတစ်နိုင်ငံလုံးရှိ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေကြသူများသည် အိမ်ခြံမြေဝန်ဆောင်မှုအသင်း၏ အသင်းဝင်များ မဟုတ်သည့်အတွက် လက်ခံနိုင်စရာမရှိကြောင်း ဦးအောင်ထွန်းက ဆိုသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းသို့ အသင်းဝင်အဖြစ် မှတ်ပုံတင်ခြင်းမရှိဘဲ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်ခြင်းမရှိစေရန် အသင်းမှ သင့်တော်သည့် အစီအမံများ ချမှတ်သွားမည်ဖြစ်ကြောင်းလည်း ညွှန်ကြားချက် အခန်း(၆)တွင် ဖော်ပြထားသည်။

ယင်းသို့ ညွှန်ကြားချက် ထုတ်ပြန်လိုက်ခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းများကို နိုင်ငံတော်အဆင့် မှတ်ပုံတင်ပြီး လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ကန့်ကွက်ကြောင်း သဘောထားကြေညာချက်တစ်စောင်ကို ပြန်လည်ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းအနေဖြင့် အသင်းဝင်မဟုတ်သော အခြားသောအိမ်ခြံမြေလောကသားများအား လွှမ်းမိုးချုပ်ကိုင်ခွင့် မရှိကြောင်းနှင့် ယခုကိစ္စအား နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်၊အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ရဲချုပ်ရုံး၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့တို့ထံသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း အဆိုပါသဘောထားကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းအနေဖြင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့်ရရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းနှင့် အိမ်ခြံမြေလောကသားများ အထိတ်တလန့်ဖြစ်စေရန် တစ်ဖက်သတ် ညွှန်ကြားချက်ထုတ်ပြန်ခြင်းကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း လည်း ဖော်ပြထားသည်ကို တွေ့ရသည်။

"မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းကနေပြီး တစ်ဖက်သက်ကြေညာတာဟာ ကျွန်တော်တို့အသင်းကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အနေနဲ့ မသိလို့ဘဲလို့ ယူဆတဲ့အတွက် သဘောထားကြေညာချက်ကို ထုတ်ပြန်ပေးတာဖြစ်ပါတယ်၊ တကယ်လို့သာသိခဲ့ရင် ဒီကိစ္စအတွက်ကို အသင်းနှစ်သင်းစလုံး ခေါ်ယူပြီး ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်"ဟု ဦးအောင်ထွန်းက ဆိုသည်။

မြန်မာနိုင်ငံတွင် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းများအတွက် တရားဝင်ဖွဲ့စည်း လုပ်ကိုင်နေသော အသင်းအဖွဲ့များအဖြစ် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း၊ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ရန်ကုန်တိုင်း အိမ်ခြံမြေ လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်း အိမ်ခြံမြေ ကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်းဟူ၍ အသင်းလေးသင်းရှိပြီး ယခုညွှန်ကြားချက်ကို မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

"သူတို့လိုချင်တဲ့ အဓိကအချက်ကတော့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ဒီလမ်းညွှန်ချက်ကိုထုတ်တယ်ဆိုတဲ့အချက်ကို ယူသုံးပြီး နောက်ဆက်တွဲမှာ သူတို့အသင်းကို ဝင်ကိုဝင်ရမယ်။ မဝင်ခဲ့ရင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကို လုပ်ပိုင်ခွင့် မရှိဘူးဆိုတဲ့ သဘောထားမျိုး ရေးထားတာကို တွေ့ရပါတယ်"ဟုလည်း ဦးအောင်ထွန်းက ဆိုသည်။

ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ သဘောတူညီချက်ဖြင့် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ ကြီးကြပ်မှုအာဏာပိုင်အဖြစ် လုပ်ဆောင်ခွင့်ရသည့် သဘောမျိုး ရေးသားထားသည်ကို တွေ့ရကြောင်း၊ အဆိုပါ အချက်ကို ကြည့်ခြင်းအားဖြင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်နေသည့် နိုင်ငံတော်အဆင့် အသင်းနှစ်သင်းရှိကြောင်း မသိခဲ့၍ ယခုကဲ့သို့  ခွင့်ပြုချက်ပေးခဲ့ခြင်းဖြစ်သည်ဟု ယူဆကြာင်းလည်း ၎င်းက ဆိုသည်။

ညွှန်ကြားချက်ပါအချက်များအနက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေနှင့်စပ်လျဉ်းသည့် အချက်များသည် နိုင်ငံတော်မှ တရားဝင်ထုတ်ပြန်ထားသော ဥပဒေဖြစ် သည့်အတွက် နိုင်ငံသားတိုင်း သိရှိလိုက်နာရမည်ဖြစ်သော် လည်း ကျန်အချက်များမှာ တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးသည့်အတွက် လက်ရှိအခြေအနေတွင် လိုက်နာရန် မလိုအပ်သေးကြောင်းလည်း ၎င်းက ပြောသည်။ ထုတ်ပြန်လိုက်သည့် ညွှန်ကြားချက်နှင့် ပတ်သက်၍ သဘောထားမှတ်ချက်အတွက် မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးခင်မောင်သန်းကို မြန်မာတိုင်း(မ်)က ဆယ်သွယ်၍မရခဲ့ပေ။

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေကြသူများအတွက် စနစ်တကျ လုပ်ငန်းလုပ်ကိုင်နိုင်စေရန် အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကို ၂၀၁၈ ခုနှစ်၊ ဇွန် ၁၃ ရက်က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီး ယခုအခါ ပြည်သူ့လွှတ်တော်တွင် ဥပဒေကြမ်းအဖြစ် ရှိနေဆဲဖြစ်သည်။ ယင်းဥပဒေကြမ်းပါ အချက်များအရ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများအတွက် နိုင်ငံတော် အသိအမှတ်ပြုသင်တန်း တက်ရောက်ပြီးမှသာ မှတ်ပုံတင်ကတ်များကို ထုတ်ပေးသွားမည်ဖြစ်ပြီး တရားဝင်မှတ်ပုံတင်ထားခြင်းမရှိဘဲ ဈေးကွက်အတွင်း မမှန်မကန်လုပ်ငန်းလုပ်ကိုင်ပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ဝန်ဆောင်မှုလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းစီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်လိုသူများအနေဖြင့် လုပ်ငန်းလိုင်စင်ကို မဖြစ်မနေပြုလုပ်ထားကြရမည်ဖြစ်ပြီး လိုင်စင်မရှိဘဲ ဥပဒေဘောင်အပြင်မှ လိမ်လည်လုပ်ကိုင်နေသူများကို ထိန်းချုပ်ရန် ရည်ရွယ်ပြီး ဥပဒေကို ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က  ၂၀၁၉ ခုနှစ်က ဆိုသည်။

"အခုက ပါးစပ်ပါရင် ပွဲစားဖြစ်တယ်ဆိုပြီး ဖြစ်သလို လုပ်နေကြတာရှိတယ်၊ ရောင်းသူ၊ ဝယ်သူရောကြားထဲက ဝန်ဆောင်မှုပေးတဲ့သူတွေအတွက်ပါ ဥပဒေတစ်ရပ်အနေနဲ့ ခိုင်ခိုင်မာမာ တရားဝင်ဖြစ်စေချင်တယ်"ဟု ၎င်းက ပြောသည်။

လက်ရှိအိမ်ခြံမြေပွဲစားလောကတွင် တရားဝင်လုပ်ပိုင်ခွင့်လိုင်စင်ချထားပေးခြင်းမျိုးမရှိဘဲ ဝန်ဆောင်မှုကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး လုပ်ကိုင်နေကြသကဲ့သို့ အရပ်ပွဲစားများကလည်း တာဝန်ယူမှုတာဝန်ခံမှုမရှိဘဲ အလျဉ်းသင့်သလို လုပ်ကိုင်နေမှုများလည်း ရှိကြောင်း ဒေါ်မို့မို့အောင်က ဆိုသည်။  

အားလုံးလိုလားနေသော အိမ်ခြံမြေဝန်ဆောင်မှုဥပဒေမှာ ဥပဒေကြမ်းအဖြစ်သာ ရှိနေဆဲဖြစ်သည်။

Facebook comments