ရန်ကုန်ညဈေးသစ် အပိုင်း (၁)တွင် ဆိုင်ခန်းတချို့ ဖွင့်လှစ်ရောင်းချ

javascript

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် A25 Myanmar Development ကုမ္ပဏီက တာဝန်ယူ ဖော်ဆောင်နေသော ရန်ကုန်ညဈေးသစ်၏ အပိုင်း(၁)မှာ ၆၅ ရာခိုင်နှုန်းပြီးစီးပြီး ဆိုင်များ ရောင်းချနေပြီဖြစ်ကြောင်း Yangon Night Market Official မှ သိရသည်။

Yangon Night Market အပိုင်း(၁)ဖြစ်သော ကမ်းနားလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်ရှိ ဇုန် (F) တွင် ကွန်တိန်နာဆိုင်ခန်းများ စတင်ဖွင့်လှစ်ရောင်းချနေပြီးအချို့မှာ တည်ဆောက်ပြီးစီးတော့မည်ဖြစ်သည်။

ယင်းအပြင် ၈ ပေ ၆ ပေ ပတ်လည်ပစ္စည်းရောင်းချသည့် ဆိုင်ခန်းအချို့ကိုလည်း ဖွင့်လှစ်ထားရှိပြီး အများစုမှာအမှတ်တရပစ္စည်းအရောင်းဆိုင်များနှင့် အဝတ်အထည်ဆိုင်ခန်းများဖြစ်သည်။ လက်ရှိတွင် ညဈေးကို ညနေ ၃ နာရီမှ ည ၁၀ နာရီထိ ဖွင့်လှစ်ထားသည်။

အသစ်ဖွင့်လှစ်ထားသော ရန်ကုန်ညဈေးသစ်မှာ ယခင်ညဈေးများနှင့်မတူဘဲ ဈေးဆိုင်ခန်းများ၊ လူသွားလမ်းများမှာသန့်ရှင်းသပ်ရပ်နေပြီး စီမံကိန်းတစ်ခုလုံး ပြီးစီးသွားပါကခရီးသွားများကို ဆွဲဆောင်နိုင်မည့်နေရာတစ်ခု ဖြစ်လာနိုင်ကြောင်း၊ လာရောက်လည်ပတ်သူများ စိတ်မပျက်စေရန် သန့်ရှင်းမှုကို အထူးဂရုစိုက်သွားရန်လိုကြောင်း ရန်ကုန်ညဈေးသို့ လာရောက်လည်ပတ်သူများက ဆိုကြသည်။

ကမ်းနားလမ်းညဈေးအဆင့်မြှင့်တင်ခြင်း စီမံကိန်းကို A25 Myanmar Development ကုမ္ပဏီက PPP (Public Private Partnership) စနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး စီမံကိန်းအတွက် ငွေကျပ် ၂ ဒသမ ၆ ဘီလျံကို ကုမ္ပဏီမှ ကျခံသုံးစွဲသွားမည်ဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဆိုသည်။

စုစုပေါင်း သုံးစွဲငွေကျပ် ၂ ဒသမ ၆ ဘီလျံအနက် ငွေကျပ် ၁ ဒသမ ၆ ဘီလျံကို ဆိုင်ခန်း အဆင့်မြှင့်တင်မှုနှင့် အခြားလုပ်ငန်းဆောင်တာများအတွက် အသုံးပြုမည်ဖြစ်ပြီး ကျန်ငွေကျပ် တစ်ဘီလျံကို အထပ်မြင့်ဟိုက်ဒရောလစ် ကားပါကင်အတွက် အသုံးပြုသွားမည်ဖြစ်သည်။

လာရောက်လည်ပတ်သူများအတွက် သက်သောင့်သက်သာနှင့် အဆင်ပြေပြေရှိစေနိုင်ရန်အတွက် ဆိုင်ခန်းအဆင့်မြှင့်တင်ခြင်းနှင့် စနစ်တကျ အမှိုက်သိမ်းစနစ်တို့အပြင် ကျန်းမာရေးစောင့်ရှောက်မှုစင်တာ၊ အဆင့်မြင့် ကားပါကင်၊ ကလေးကစားကွင်း၊ ATM စက်များနှင့် နိုင်ငံခြားငွေလဲလှယ်ကောင်တာတို့ကိုပါ ထည့်သွင်းဆောင်ရွက်လျက်ရှိသည်။

ဆိုင်ခန်းငှားရမ်းခများအနေဖြင့် ရှစ်ပေပတ်လည် ဆိုင်ခန်းအတွက် လစဉ်ပေး တစ်လလျှင် ငွေကျပ် နှစ်သောင်းခွဲနှင့် စပေါ် တစ်သိန်းကျပ်၊ ၈ ပေ ၆ ပေ ပတ်လည်ဆိုင်ခန်းအတွက် တစ်လလျှင် ငွေကျပ် နှစ်သောင်းနှင့် စပေါ် တစ်သိန်းကျပ်တို့ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

ကွန်တိန်နာဆိုင်ခန်းများအတွက် ငှားရမ်းခများမှာ ပေ ၄၀ ဆိုင်ခန်းများအတွက် လစဉ်ပေး တစ်လလျှင် ငွေကျပ် ၁၈ သိန်းနှင့် စပေါ်ငွေကျပ် သိန်း ၅၀ ဖြစ်ပြီး ပေ ၂၀ ဆိုင်ခန်းအတွက် လစဉ်ပေး တစ်လလျှင် ငွေကျပ် ခုနစ်သိန်းနှင့် စပေါ်ငွေကျပ် သိန်း ၂၀ ပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။

ကွန်တိန်နာ ပေ ၄၀ ဆိုင်ခန်းများတွင် အဖျော်ယမကာ နှင့် အစားအသောက်မျိုးစုံ ရောင်းချနိုင်မည်ဖြစ်ပြီး ပေ ၂၀ ဆိုင်ခန်းများတွင် အဖျော်ယမကာမပါဘဲ ထမင်းနှင့် အခြားအစားအသောက်မျိုးစုံ ရောင်းချနိုင်မည်ဖြစ်သည်။ဆိုင်ခန်းတိုင်းတွင် လျှပ်စစ်မီတာခနှင့် ရေဖိုးကို Sub Meter စနစ်ဖြင့် သီးသန့်ကောက်ခံသွားမည်ဖြစ်သည်။

ဆိုင်ခန်းငှားရမ်းသူများကို တစ်ဆင့်ပြန်လည်ရောင်းချ၊ ငှားရမ်းခြင်းများ မပြုလုပ်နိုင်ရန် ပြင်းပြင်းထန်ထန် တားမြစ်ထားပြီး ပြန်လည်ရောင်းချ၊ ငှားရမ်းထားသည်ကို တွေ့ရှိပါက ဆိုင်ခန်းကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ထားသည်။ 


Facebook comments