ရန်ကုန်တိုင်းထဲက အချက်အချာကျတဲ့ ရန်ကင်းမြို့နယ်

javascript
လူတန်းစားအလွှာ အသီးသီးက ကိုးကွယ်ရာဘာသာနဲ့ ယဉ်ကျေးမှုမျိုးစုံ ပေါင်းစပ်နေထိုင်ကြတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ရန်ကင်းမြို့နယ်ဟာ အရင်ကတည်းက အထင်ကရနေရာတွေ များပြားပြီး နေချင့်စဖွယ် မြို့နယ်တစ်ခုဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွက် စီးပွားရေးအရ အရေးပါတဲ့ မြို့နယ်တစ်ခုဖြစ်တာနဲ့အညီ စီးပွားရေးဆိုင်ရာ အဆောက်အအုံတွေ အများအပြားတည်ရှိ နေပြီး စီးပွားရေးလုပ်ကိုင်ရကောင်းမွန်တဲ့ မြို့နယ်တစ်ခုဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။

ရန်ကင်းမြို့နယ်ဟာ ရန်ကုန်တိုင်းဒေသကြီးရဲ့ မြို့နယ်တွေထဲမှာ သွားလာနေထိုင်ဖို့ ကောင်းမွန်အဆင်ပြေတဲ့ မြို့နယ်တစ်ခုဖြစ်သလို လူနေတိုက်ခန်းတွေ၊အိမ်ရာဝင်းတွေနဲ့ နာမည်ကြီးလူကုံထံတွေနေထိုင်တဲ့ ရပ်ကွက်တွေ တည်ရှိနေတဲ့ အထင်ကရမြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

ရန်ကင်းမြို့နယ်မှာ လူသိများ ထင်ရှားလှတဲ့ ပညာရေး၊ စီးပွားရေးနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေလည်း အများအပြားတည်ရှိနေပြီး အိမ်ခြံမြေဈေးကွက်အနေအထားအရ အရောင်းအဝယ်ဈေးကွက်ကောင်းတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

Golden City လို နာမည်ကြီး အထင်ကရ အိမ်ရာစီမံကိန်းတွေလည်းရှိပြီး Golden City Condominium ရဲ့ မျက်နှာချင်းဆိုင်မှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ တည်ဆောက်နေတဲ့ အဆင့်မြင့်အိမ်ရာစီမံကိန်းတစ်ခု တည်ရှိနေပြန်ပါတယ်။

ဒါ့ပြင် တခြားအဆင့်မြင့် အိမ်ရာစီမံကိန်းတွေ၊ ဟိုတယ်တွေနဲ့ ဈေးဝယ်စင်တာတွေအပြင် လက်လီလက်ကားဈေးတွေ၊ စားသောက်ဆိုင်၊ ကော်ဖီဆိုင်၊ အလှပြင်ဆိုင်၊ ဘဏ်နဲ့ ကျောင်းတွေတည်ရှိနေတာကတော့ ရန်ကင်းမြို့နယ်ကိုရွေးချယ်နေထိုင်သင့်တဲ့ အကောင်းဆုံးအချက်လို့ ဆိုနိုင်ပါတယ်။ ကျန်းမာရေး အတွက် ရန်ကင်းကလေးဆေးရုံ၊ လင်းပါရဂူဆေးရုံတို့ ရှိပါတယ်။

နံနက်စောစောနဲ့ ညနေခင်းတွေမှာ အေးအေးလူလူ လမ်းလျှောက်ချင်သူတွေအတွက် လမ်းနီကန်ပေါင်ကလည်း ရန်ကင်းမြို့နယ်ထဲမှာ တည်ရှိနေပါသေးတယ်။ ရန်ကင်းမြို့နယ်ဟာ အိမ်ခြံမြေဈေးကွက်အတွင်းမှာ ပြည်တွင်းဝယ်ယူ/ငှားရမ်းလိုမှု မြင့်မားတဲ့ မြို့နယ်တစ်ခုဖြစ်တဲ့အပြင် နိုင်ငံခြားသားအငှားသွက်တဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

မြို့ဧရိယာစုစုပေါင်း ငါးစတုရန်း ကီလိုမီတာကျော် ကျယ်ဝန်းတဲ့ ရန်ကင်းမြို့နယ်ဟာ မြောက်ဘက်မှာ မရမ်းကုန်းမြို့နယ်၊ အရှေ့ဘက်မှာ တောင်ဥက္ကလာပမြို့နယ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်၊ အနောက်ဘက်မှာ မရမ်းကုန်းမြို့နယ်နဲ့ ဗဟန်းမြို့နယ်၊ တောင်ဘက်မှာ တာမွေမြို့နယ်တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်တည်ရှိနေပါတယ်။

ရန်ကင်းမြို့နယ်ကို ရပ်ကွက်ပေါင်း ၁၅ ခုနဲ့ ဖွဲ့စည်းတည်ဆောက်ထားပြီး အစိုးရကျောင်းတွေဖြစ်တဲ့ မူလတန်းကျောင်း ၁၃ ကျောင်း၊ အလယ်တန်းကျောင်း ခုနစ်ကျောင်းနဲ့ အထက်တန်းကျောင်း နှစ်ကျောင်းတို့အပြင် တခြားနိုင်ငံတကာ ပုဂ္ဂလိကကျောင်းတွေလည်း အများအပြားတည်ရှိနေပါတယ်။

ရန်ကုန်မြို့ရဲ့ သက်တမ်းရင့် ဈေးဝယ် စင်တာကြီးတစ်ခုဖြစ်တဲ့ ရန်ကင်းစင်တာကလည်း ရန်ကင်းမြို့ရဲ့ အထင်ကရဖြစ်ပြီးတော့ နာမည်ကြီးကုက္ကိုင်းရေကန်ကြီးကလည်း ရန်ကင်းမြို့နယ်အတွင်းမှာပဲ တည်ရှိနေပါသေးတယ်။

ရန်ကင်းမြို့နယ်နဲ့ အနီးဆုံးမှာ နောက်ထပ်ထင်ရှားတဲ့ ဈေးဝယ်စင်တာကြီးတစ်ခုကတော့ ဗီယက်နမ်နိုင်ငံ ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူ တည်ဆောက်ပြီးစီးခဲ့တဲ့ မြန်မာပလာဇာ အဆောက်အအုံပဲ ဖြစ်ပါတယ်။

ဟိုတယ်တွေ၊ ဈေးဝယ်စင်တာတွေ၊ အဆင့်မြင့်ရုံးခန်းတာဝါတွေနဲ့ အဆင့်မြင့် ကွန်ဒိုတိုက်ခန်းတွေ တည်ရှိတဲ့ ဒီအဆောက်အအုံကြီးဟာ ရန်ကုန်မြို့ရဲ့ အမှတ်အသားတစ်ခုဆိုရင်လည်း မမှားပါဘူး။ ဒါ့ပြင် နာမည်ကြီး ဆီဒိုးနား ဟိုတယ်ကလည်း မြန်မာပလာဇာနဲ့ မျက်နှာချင်းဆိုင်မှာရှိနေပါတယ်။ ဒီလို ပတ်ဝန်းကျင်ကောင်းတွေနဲ့ တည်ရှိနေတဲ့ ရန်ကင်းမြို့နယ်ဟာ လေဆိပ်၊ အဝေးပြေးကားဂိတ်၊ ရန်ကုန်မြို့ထဲတို့နဲ့ မနီးမဝေးနေရာမှာ ရှိပါတယ်။ ရန်ကင်းမြို့နယ်က ရန်ကုန်မြို့ထဲကို ကားနဲ့သွားမယ်ဆိုရင်တော့ YBS ယာဉ်လိုင်းတွေဖြစ်တဲ့ ၂၉၊ ၁၂၊ ၈၇ တို့ကို စီးလို့ရပါတယ်။ ယာဉ်စီးခကတော့ တစ်ဦးကို ကျပ် ၂၀ဝ ကျသင့်မှာဖြစ်ပြီး အချိန် မိနစ် ၃၀ မှ ၄၀ ခန့်အထိ ကြာမြင့်နိုင်ပါတယ်။

ရန်ကင်းမြို့နယ်က လေဆိပ်နဲ့ မင်္ဂလာဒုံအဝေးပြေးကားဂိတ်ကို ကားနဲ့သွားမယ်ဆိုရင်တော့ မိနစ်၄၀ က မိနစ် ၅၀ ခန့်အထိ ကြာမြင့်နိုင်ပြီး မြန်မာပလာဇာမှတ်တိုင်က လေဆိပ်ကို တိုက်ရိုက်ရောက်ရှိနိုင်တဲ့ YBS ယာဉ်လိုင်းကို ကျပ် ၅၀ဝ နဲ့ စီးနင်းနိုင်ပါတယ်။

ဘတ်စ်ကားလိုင်းတွေအပြင် ရထားနဲ့လည်း ရန်ကင်းမြို့နယ်ထဲက တချို့နေရာတွေအပြင် တခြားမြို့နယ်တွေကို ကူးသန်းသွားလာနိုင်ပါသေးတယ်။ ရန်ကုန်ဘူတာကြီးက မြို့ပတ်ရထားကို စီးမယ်ဆိုရင် ရန်ကင်းမြို့နယ်အတွင်းက ဘူတာတွေဖြစ်တဲ့ ဘောက်ထော်၊ ကန်ဘဲ့နဲ့ ပါရမီဘူတာတွေကို ရောက်နိုင်ပါတယ်။

ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေ အများအပြားတည်ရှိနေတဲ့ ရန်ကင်းမြို့နယ်ထဲမှာ ဟိန္ဒူဘုရားရှိခိုးကျောင်း၊ နာမည်ကြီးတရုတ်ဘုံကျောင်းတို့အပြင် ရန်ကင်းမိုးကောင်းဘုရားဟာလည်း ထင်ရှားတဲ့ ဘုရားတစ်ဆူပဲဖြစ်ပါတယ်။ ရန်ကင်းမိုးကောင်းဘုရားပွဲကို နှစ်စဉ် ဒီဇင်ဘာလမှာ ကျင်းပပြုလုပ်ကြပြီး အနီးအနားမြို့နယ်တွေက လာရောက်ကြတဲ့ ဘုရားဖူးတွေနဲ့ အလွန်စည်ကားလှတဲ့ ဘုရားပွဲတစ်ခုလည်း ဖြစ်ပါတယ်။

ရန်ကင်းမြို့နယ် တစ်ခုလုံးအတွက် သတ်မှတ်ပေးထားတဲ့ တစ်စတုရန်းပေမြေတန်ဖိုးတွေအရ ၂၀၁၈ခုနှစ်အတွင်းက အနည်းဆုံး ကျပ် ၈၅,ဝ၀ဝ ကအများဆုံး ကျပ် လေးသိန်းထိရှိခဲ့ပြီး အသစ်ပြင်ဆင်မယ့် နှုန်းထားအရ အနည်းဆုံး ကျပ် ၇၅,ဝ၀ဝ က အများဆုံး ကျပ် လေးသိန်းထိ ရှိနေဆဲ ဖြစ်ပါ တယ်။

Facebook comments