အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေယခုလွှတ်တော် သက်တမ်းအတွင်း အတည်ပြုပေးရန် တောင်းဆိုမည်

javascript

ကန့်ကွက်သူများနှင့် ထောက်ခံသူများကြား လွန်ဆွဲနေသောအိမ်ခြံမြေဝန်ဆောင်မှုဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် ယခုလွှတ်တော်သက်တမ်းအတွင်း အပြီးသတ် အတည်ပြုဆွေးနွေးပေးရန် တောင်းဆိုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းထံမှ သိရသည်။

ယင်းဥပဒေကြမ်းကို ၂၀၁၆ ခုနှစ်အတွင်းက စတင်ရေးဆွဲခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း ပြီးစီးခဲ့ကာ ၂၀၁၈ ခုနှစ်တွင် ပြည်သူ့လွှတ်တော်ထံသို့ တင်သွင်းခဲ့ခြင်းဖြစ်သော်လည်း ယခုအချိန်ထိ ဥပဒေအဖြစ် အတည်မပြုနိုင်သေးပေ။

"တင်ထားပြီးနောက် လွှတ်တော်မှာ တစ်ခါနှစ်ခါ လောက် ဆွေးနွေးလိုက်သေးတယ်။ ဒါပေမဲ့ အတည်မပြုနိုင်ခဲ့ဘူး။ အခုတော့ လွှတ်တော်သက်တမ်းကလည်း ကုန်တော့မှာဆိုတော့ မကုန်ခင်အပြီးသတ် အတည်ပြုပေးဖို့ မကြာခင်တောင်းဆိုမယ်"ဟု မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဗဟိုအလုပ်မှုဆောင်ဥက္ကဋ္ဌ ဦးတင်မောင်က ပြောသည်။

လတ်တလော ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် တွေ့ဆုံခွင့်တောင်းဆိုထားပြီး တွေ့ဆုံခွင့်ရပါက အိမ်ခြံမြေ ဝန်ဆောင်မှုဥပဒေ အမြန်ဆုံးဆွေးနွေးအတည်ပြုပေးရေး တောင်းဆိုမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဥပဒေကြမ်းကို အခန်းပေါင်း ၁၃ ခန်းဖြင့် ရေးဆွဲထားပြီး ယင်းဥပဒေကို နိုင်ငံတကာတွင် ပြဋ္ဌာန်းထားသည့် ဥပဒေများကို စံထား၍ ရေးဆွဲထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းထံမှ သိရသည်။ ထိုဥပဒေကို အချို့သော အိမ်ခြံမြေအကျိုးဆောင် လုပ်ကိုင်သူများက ထောက်ခံသကဲ့သို့ အချို့သော အကျိုးဆောင်များကလည်း ကန့်ကွက်လျက်ရှိသည်။

"အကျိုးဆောင်တွေကို လိုင်စင်သတ်သတ် ထုတ်ပေးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့လေ။ အဲဒါဆို သတ်သတ်မှတ်မှတ်ဖြစ်သွားပြီး ဝယ်ယူသူတွေအတွက် ပြဿနာနည်းသွားမှာပေါ့"ဟု မမော် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတည်ထောင်ထားသူ မမော်က ပြောသည်။

သို့သော် အချို့ကလည်း ယင်းဥပဒေပါ ပြဋ္ဌာန်းချက်များသည် အိမ်ခြံမြေအသင်းများအတွက် လက်ဝါးကြီးအုပ်ထားစေသည့် ပြဋ္ဌာန်းချက်များဖြစ်ပြီး သင်တန်းတက်ရောက်ရမည့် အခြေအနေကို ကန့်ကွက်ပြောဆိုနေကြသည်။

လက်ရှိဥပဒေကြမ်းအတွင်း အိမ်ခြံမြေ အကျိုးဆောင်များအနေဖြင့် စာရင်းသွင်းကာလ တစ်နှစ်သတ်မှတ်ထားသည်။ တစ်နှစ်ပြည့်ပြီးနောက် သုံးနှစ်အတွင်း သင်တန်းတက်ရောက်ရမည်ဖြစ်ကာ သင်တန်းပြီးပါက တရားဝင်လိုင်စင် ထုတ်ပေးမည်ဟု ရေးဆွဲထားသော်လည်း အကျိုးဆောင်များအတွက် ပညာအရည်အချင်း သတ်မှတ်ချက် နှင့် အခြားအရည်အချင်းသတ်မှတ်ချက်များကို ထည့်သွင်းပြဋ္ဌာန်းထားခြင်းမရှိဘဲ အကျိုးဆောင်များ လိုက်နာရမည့် စည်းကမ်းချက်များနှင့် အရောင်းအဝယ်ပြုလုပ်ရာတွင် လိုက်နာရမည့် အချက်များကို ထည့်သွင်းထားသည်။

လက်ရှိ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အိမ်ခြံမြေအကျိုးဆောင်သင်တန်းဆင်းလက်မှတ် ထုတ်ပေးထားသူဦးရေသည် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ဦးရေ ၂,၅၀ဝ ကျော်ခန့်ရှိပြီး တစ်နိုင်ငံလုံးတွင် စီးပွားဖြစ် အိမ်ခြံမြေအကျိုးဆောင် လုပ်ကိုင်နေသူဦးရေ နှစ်သောင်းနှင့်အထက် ရှိနိုင်ကြောင်း ယင်းအသင်းထံမှ သိရသည်။

လက်ရှိအိမ်ခြံမြေဈေးကွက်အတွင်း စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေခွန်နှုန်းထားများ လျော့ကျ သွားသည့်အတွက် ကျပ်သိန်း ၅,ဝ၀ဝ အောက် အိမ်ခြံမြေ ရောင်းဝယ်ငှား ဈေးကွက်များ ကောင်းမွန်နေကြောင်းအိမ်ခြံမြေအကျိုးဆောင်များက ဆိုသည်။


Facebook comments