တက်ရိပ်ပြနေသည့် နေပြည်တော်အိမ်ခြံမြေစျေးကွက်

javascript

မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့် နေပြည်တော်တွင် ယခင်ကထက် ရွှေ့ပြောင်းနေထိုင်သူများပြားလာသည်နှင့်အမျှ အိမ်ခြံမြေဝယ်လိုအား တစ်နှစ်ထက်တစ်နှစ်ပိုမိုအားကောင်းလာကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

ဝယ်ယူသူအများစုမှာ ကိုယ်တိုင်နေထိုင်ရန် ဝယ်ယူလေ့ရှိကြပြီး လူစည်ကားရာ လမ်းပန်းဆက်သွယ်ရေး လွယ်ကူသည့်နေရာများကို ရွေးချယ်လာကြသည်။ စျေးဆိုင်ခန်းဖွင့်လှစ်လိုသူများမှာ လမ်းမတန်းများတွင် အဓိကဝယ်ယူလာကြကြောင်း ဇေယျာအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ MD ဦးနန္ဒကျော်က ပြောသည်။

''ကုမ္ပဏီတွေ၊ ရုံးတွေ အသစ်ပြောင်းလာကြတော့ စီးပွားရေးလုပ်ဖို့ဝယ်ချင်တဲ့သူတွေ၊ ကိုယ်တိုင်နေဖို့ ဝယ်ချင်တဲ့သူတွေ များလာတယ်၊ အရင်ကထက် တဖြည်းဖြည်းပိုစည်ကားလာတယ်၊ တချို့ဆိုရင် ကိုယ်တိုင်မနေသေးပေမဲ့ လိုချင်တဲ့နေရာလေး မရလိုက်မှာစိုးလို့ မြေကွက်သပ်သပ်ကြိုဝယ်ထားတဲ့သူတွေလည်း ရှိတယ်''ဟု ၄င်းက ဆိုသည်။

အခွန်လျှော့ချပေးပြီးနောက်ပိုင်း အခွန်ဆောင်သည့်သူ၊ အမည်ပြောင်းသည့်သူများ အရေအတွက်တိုးလာပြီး ငွေကျပ် သိန်း ၃ဝဝ နှင့် ၅ဝဝ ကြားရှိ အသင့်နေတစ်ထပ်တိုက်အိမ်များ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။

ယခင်က အခွန်နှုန်းမြင့်သောအချိန်တွင် ရောင်းဝယ်ကြသူများမှာ စျေးနှုန်းကြီးမြင့်သည့် နေရာများတွင် ဝယ်ယူရာတွင် အခွန်ဆောင်ရန် အနည်းငယ် တွန့်ဆုတ်နေကြသော်လည်း ယခုနောက်ပိုင်းတွင် အခွန်ကိုလည်း လိုလိုလားလားပေးဆောင်လာကြပြီး စျေးနှုန်းမြင့်သည့်မြေကွက်များကိုလည်း ဝယ်ယူရန် ပိုမိုစိတ်ဝင်စားလာကြသည်။

''နေရာအသင့်အတင့်ကောင်းပြီး အနည်းငယ် လူစည်ကားတဲ့နေရာတွေမှာ ကျပ်သိန်း ၁ဝဝ နဲ့ ၂ဝဝ ကြားရှိတဲ့ ပျဉ်ထောင်အိမ်တွေ အရောင်းသွက်တယ်။ ပုံမှန်ရောင်းနေရပြီး မြို့တွင်းမြို့နယ်တွေဖြစ်တဲ့ သပြေကုန်းနဲ့ ရွှေကြာပင်မြို့နယ်တွေက ရောင်းအားအကောင်းဆုံးဖြစ်တယ်။ နောက်ထပ် ဥတ္တရနဲ့ ပုပ္ဗသီရိမြို့နယ်တွေကလည်း ရောင်းအားကောင်းတဲ့ အနေအထားမှာရှိတယ်။ သွားလာရေးလွယ်ကူပြီး စျေးသင့်တဲ့နေရာတွေက ပိုရောင်းရတယ်။ စျေးနှုန်းက ထူးထူးခြားခြားတက်တာမျိုးမရှိဘဲ ပုံမှန်သွားနေတယ်''ဟု ဦးနန္ဒကျော်က ပြောသည်။

အချို့ ငွေကြေးပို၍တတ်နိုင်သောသူများမှာ မြို့တွင်းဧရိယာများရှိ ငွေကျပ် သိန်း ၄ဝဝ ကျော်မှစသည့် မြေကွက်များကို ဝယ်ယူလာကြကြောင်းလည်း နေပြည်တော်ရှိအိမ်ခြံမြေလုပ်ငန်းရှင်များက ဆိုသည်။

နေပြည်တော်သည် ရန်ကုန်နှင့် မန္တလေးတို့ကဲ့သို့ စီးပွားရေးမြို့မဟုတ်ဘဲ ဝန်ထမ်းအများစုနေထိုင်သည့် ဝန်ထမ်းမြို့ဖြစ်သည့်အတွက် တစ်နှစ်တာလုံးတွင် ရောင်းဝယ်ငှားနှုန်းများ အတက်အကျမရှိဘဲ ပုံမှန်သာ အရောင်းအဝယ်ဖြစ်ကြောင်းလည်း ဦးနန္ဒကျော်က ပြောသည်။

''ဝန်ထမ်းတွေက အရင်ကဝယ်ထားတဲ့အကွက်တွေ ရောင်းတယ်။ ပိုက်ဆံနည်းနည်းထပ်ဖြည့်ပြီး ပိုကောင်းတဲ့အကွက် ဝယ်တယ်။ ပြီးတော့ တခြားတိုင်းနဲ့ ပြည်နယ်တွေကနေ အကြောင်းအမျိုးမျိုးကြောင့် ပြောင်းလာတဲ့သူတွေက ကိုယ်တိုင်နေဖို့၊ စီးပွားရေးလုပ်ဖို့ ဝယ်ကြတယ်၊ အိမ်ခြံမြေထဲမှာ ရင်းနှီးမြှုပ်နှံဖို့ ဝယ်တဲ့သူတွေတော့ သိပ်မရှိဘူး''ဟု ၄င်းက ဆိုသည်။

ယခင်က နေပြည်တော် အိမ်ခြံမြေစျေးကွက်တွင် လူမရှိသောနေရာများမှ စျေးချိုသော မြေကွက်များကို ဝယ်ယူပြီး စျေးတက်လာသည့်အခါ ပြန်ရောင်းထုတ်သည့် စျေးကွက်တစ်ခုရှိခဲ့ရာမှ ယခုနောက်ပိုင်းတွင် စျေးကွက်ကျဆင်းလာသည်နှင့်အမျှ လူမရှိသောနေရာတွင် ဝယ်ယူသူမရှိတော့သလောက် နည်းပါးသွားခဲ့ကြောင်း MKK အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ သိရသည်။

''ပထမတစ်နှစ်မှာ မြေဝယ်မယ်၊ နောက်နှစ်နှစ် သုံးနှစ်လောက်နေမှ အိမ်ဆောက်မယ်ဆိုပြီး ကြိုဝယ်ထားတဲ့သူတွေတော့ရှိတယ်၊ အများစုကတော့ အသင့်နေလို့ရတဲ့ လုံးချင်းတွေကို ပိုပြီးစိတ်ဝင်စားကြတယ်၊ နေပြည်တော်မှာက သိန်း ၁,ဝဝဝ ဝန်းကျင်သုံးရင် ပေ ၁ဝဝ ပတ်လည်လောက်ရတယ်''ဟု MKK Business Group မှ MD ဦးမင်းမင်းက ပြောသည်။

အငှားစျေးကွက်အနေဖြင့် နေပြည်တော် သပြေကုန်းဘက်တွင် ငွေကျပ်လေးသိန်းနှင့် ခြောက်သိန်းကြားရှိအိမ်များ အငှားအလွန်သွက်လျက်ရှိပြီး ရွှေကြာပင်ရပ်ကွက်တွင် ငွေကျပ်သုံးသိန်းခွဲမှစသည့်အိမ်များ ပို၍ အငှားသွက်နေသည်။ လူကြိုက်များသည့် နေရာများဖြစ်သည့် မြို့တွင်းမြို့နယ်များနှင့် ဟိုတယ်ဇုန်နေရာများတွင် မြေစျေးများ ယခင်နှစ်ကထက် ငွေကျပ်သိန်း ၁ဝဝ မှ ၂ဝဝ ခန့်ထိ မြင့်တက်လာသည်ဟု ၄င်းက ဆိုသည်။

နေပြည်တော်တွင် စီးပွားရေးလုပ်ငန်းများ ပြောင်းရွှေ့ဝင်ရောက်လာခြင်း၊ ပုဂ္ဂလိကကျောင်းများ၊ တက္ကသိုလ်များ၊ သံရုံးများ ပြောင်းရွှေ့ဖွင့်လှစ်လာတော့မည်ဖြစ်ရာ အိမ်ခြံမြေစျေးကွက်အတွင်းရှိ အမျိုးအစားစုံမြေကွက်များနောင်သုံးနှစ်ခန့်အတွင်း စျေးကွက်ပိုအားကောင်းလာနိုင်ကြောင်းလည်း ဦးနန္ဒကျော်က သုံးသပ်သည်။

Source : Myanmar Time
Property.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်။

Facebook comments