ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအထိမ်းအမှတ်အဖြစ် မြို့ပြရှေးဟောင်းအမွေအနှစ်ဆိုင်ရာ အဆောက်အအုံများတွင် အပြာရောင်ကမ္ပည်းပြားများ တပ်ဆင်လျက်ရှိရာ ယခုအခါတွင် ၃၁ ခုမြောက်ကမ္ပည်းပြားကို ရန်ကုန်မြို့ ဆူးလေဘုရားလမ်းနှင့် ကမ်းနားလမ်းထောင့်၊ ဘဏ်လမ်းတို့နှင့်အပြိုင် တည်ရှိသောRosewood Yangon ဟိုတယ်တွင် တပ်ဆင်လိုက်ပြီဖြစ်သည်။
Rosewood Yangon ဟိုတယ်အဖြစ် ဖွင့်လှစ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် Prime Residence ကုမ္ပဏီတို့သည် ၂၀၁၄ ခုနှစ်တွင် ငှားရမ်းမှုသဘောတူစာချုပ်ကာ ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့သည်။
"ပြန်လည်ပြုပြင်ထိန်းသိမ်းရေးအတွက် (ကန်)ဒေါ်လာ သန်း ၁ဝဝ ခန့်ကို အသုံးပြုထားပါတယ်။Luxury Brand ဖြစ်တဲ့အတွက် ဒီလောက်ငွေပမာဏကို အသုံးပြုရခြင်းဖြစ်ပါတယ်"ဟု Rosewood Yangon၏Managing Director Mr. Ed Breaက ဆိုသည်။
Rosewood Yangon ဟိုတယ်ကို လက်ရှိတွင် soft opening အဖြစ် ဖွင့်လှစ်ထားပြီး ဥရောပ စားသောက်ဆိုင်အပါအဝင် စားသောက်ဆိုင် ငါးဆိုင် ဖွင့်လှစ်ထားကာ လာမည့်အောက်တိုဘာလတွင် အပြီးသတ်ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်းလည်း ၎င်းကဆိုသည်။
ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်းပြီး လုပ်ကိုင်နေသည့်အပြင် ရန်ကုန်သာမက အခြားမြို့နယ်များရှိ ရှေးဟောင်းအမွေအနှစ်များကိုလည်း ထိန်းသိမ်းနိုင်ရန် လုပ်ဆောင်နေကြောင်း ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က ပြောသည်။
"အပြာရောင်ကမ္ဗည်းပြားတပ်မှ အမွေအနှစ်ထိန်းသိမ်းတာ မဟုတ်ပါဘူး။ ကမ္ပည်းပြားကပ်တာက လူပိုသိလာအောင် ကပ်တာဖြစ်ပါတယ်။ ဒါတွေမကပ်ဘဲလည်း ရှေးဟောင်းအမွေအနှစ်တွေ ထိန်းသိမ်းလို့ ရပါတယ်။ အစိုးရနဲ့ ပူးပေါင်းပြီး အမွေအနှစ်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးတာတွေ လုပ်နေပါတယ်"ဟု ဒေါ်မိုးမိုးလွင်က ဆိုသည်။
ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ အဆောက်အအုံ များသည် အစိုးရပိုင်အဆောက်အအုံများ ဖြစ်ကြပြီး အစိုးရဘတ်ဂျက်ဖြင့် ရေရှည်ထိန်းသိမ်းရာတွင် အခက်အခဲများရှိကြောင်း၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ပြီး စီးပွားရေးလုပ်ငန်းဆိုင်ရာ အသွင်သစ်ဖြင့် ပြောင်းလဲသုံးစွဲမှုများကို ပြုလုပ်ခြင်းသည် ပြည်ပရင်းနှီးမြှုပ်နှံမှုများကိုလည်း တိုးတက်လာစေပြီး ရေရှည်တွင် ရှေးဟောင်းအမွေအနှစ်များကို ထိန်းသိမ်းရာတွင်လည်း ပိုမိုထိရောက်စေနိုင်ကြောင်း ၎င်းကပြောသည်။
"အဆောက်အအုံတွေတိုင်းမှာ သမိုင်းကြောင်းတွေ ရှိပါတယ်။ ဒီလိုအထင်ကရ အဆောက်အအုံတွေကို ဆက်လက်ထိန်းသိမ်းထားမှသာ နောင်မျိုးဆက်တွေကို သမိုင်းကြောင်းတွေပြောပြပြီး လက်ဆင့်ကမ်းနိုင်မှာ ဖြစ်ပါတယ်"ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
လာမည့် ၃၂ ခုမြောက် အပြာရောင်ကမ္ပည်းပြားကို ဆူးလေဘုရားလမ်းထောင့်ရှိ ဟိုတယ်ခရီး အဆောက် အအုံနှင့် ဗိုလ်ဆွန်ပက်လမ်းပေါ်ရှိYangon Excelsiorဟိုတယ်တို့တွင် တပ်ဆင်ဖြစ်နိုင်ကြောင်းလည်း ဒေါ်မိုးမိုးလွင်က ဆိုသည်။
အဆိုပါကမ္ပည်းပြားများ တပ်ဆင်ခြင်းအစီအစဉ်ကို အကောင်အထည်ဖော်နိုင်ရန် ရန်ကုန်မြို့အနှံ့ရှိ သမိုင်းဝင်နေရာများကို လေ့လာခြင်း၊ ကမ္ပည်းပြားများ ထုတ်လုပ်ခြင်းနှင့် တပ်ဆင်ခြင်းတို့အတွက်Philips Corporation က အမေရိကန်ဒေါ်လာ ၇၅ဝဝဝကို ထောက်ပံ့ပေးခဲ့ကြောင်းYHT ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ရန်ကုန်မြို့၏ ပထမဆုံး အပြာရောင်ကမ္ပည်းပြားကို ၂၀၁၄ ခုနှစ် သြဂုတ် ၉ ရက်တွင် ရန်ကုန်မြို့၏ သမိုင်းဝင်အဆောက်အအုံတစ်ခုဖြစ်သော မြို့တော်ခန်းမတွင် တပ်ဆင်ခဲ့သည်။ လက်ရှိအချိန်ထိ ရန်ကုန်မြို့ရှိ နေရာ ၃၀ တွင် ကမ္ပည်းပြား ၃၁ ခု တပ်ဆင်ထားရှိပြီးဖြစ်ကာ မဟာဗန္ဓုလပန်းခြံတွင် ကမ္ပည်းပြားနှစ်ခု တပ်ဆင်ထား ရှိသည်။
Source : Myanmar Times
Property.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်။
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments