ဂျပန်ပါဝင်လာတော့မည့် ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်း

javascript
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း၏ ပင်မစီမံကိန်းကို အကောင်အထည်ဖော် ရန် မြန်မာ“ဂျပန်“ထိုင်း သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ဂျပန်ပါဝင် လာရေး အစိုးရဝန်ကြီးများအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Joint Cooperation Committee - JCC) ဆွေးနွေးမှုများ စတင်တော့မည်ဖြစ်သည်။ 

ထိုင်း“မြန်မာအကြားသဘောတူညီချက်အရ ကနဦးအဆင့်တွင် အကောင်အထည်ဖော်ရမည့် ကိစ္စများသည် ၁၀ နှစ်တာကာလသို့ ရောက်သည့်တိုင် တည်ဆောက်ရေးစီမံကိန်းများ သိသိသာသာ တိုးတက်လာခြင်းမရှိသေးပေ။ 

သို့ရာတွင် ပင်မစီမံကိန်းကို အကောင်အထည်ဖော်မည့်အဆင့်တွင် ဂျပန်ပါဝင်လာရေးကြိုးပမ်းမှုသည် ခပ်စိပ်စိပ်ဖြစ်လာခဲ့ကာ ဂျပန် “ မြန်မာ အစိုးရ အကြား စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေးအဆင့် ဆွေးနွေးပြီးပြီ ဖြစ်သည်။  

"စီမံကိန်းတစ်ခုလုံး အကောင်အထည်ဖော်မယ့်အဆင့်မှာ ဂျပန်ပါဝင်ပြီး သုံးနိုင်ငံအစိုးရ ပေါင်းလုပ်သွားမယ်။ စီမံကိန်းအမြန်ဆုံးအကောင်အထည်ပေါ် အောင်တော့ ကြိုးစားဆောင်ရွက်နေပြီ"ဟု အထူးစီးပွားရေးဇုန်စီမံကိန်းများကို ကိုင်တွယ်နေသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ထားဝယ်မြို့၏မြောက်ဘက် ကီလိုမီတာ ၂၀ အကွာတွင် အရှေ့တောင်အာရှ ၏အကြီးဆုံး စက်မှုကုန်သွယ်ရေးဇုန်ကြီးအဖြစ် ဟက်တာ ၂၀çဝဝဝ နီးပါးရှိသောမြေပေါ်တွင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်ရန် မြန်မာနှင့်ထ ိုင်းအစိုးရအကြား နှစ်နိုင်ငံပူးတွဲဆောင်ရွက်မှုအဖြစ် ၂ဝဝ၈ ခုနှစ်က စတင်ခဲ့သည်။

ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းကို မြန်မာနှင့် ထိုင်း နားလည်မှုစာချွန် လွှာရေးထိုးထားပြီး ကနဦးအဆင့်အတွက် အကောင်အထည်ဖော်သူအနေဖြင့် အီတာလျံထိုင်းကုမ္ပဏီက လုပ်ဆောင်ခဲ့သည်။ ပင်မစီမံကိန်းကို အကောင်အထည်ဖော်မည့်အဆင့်၌ မြန်မာ“ဂျပန်“ထိုင်း သုံးနိုင်ငံဆောင်ရွက်ရန် ဦးသိန်းစိန်အစိုးရလက်ထက်တွင် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့သည်။

လက်ရှိတွင် ဂျပန်ပါဝင်သော သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းသည် အောင်မြင်နေပြီး အလားတူ ထားဝယ်အထူးစီးပွားရေးဇုန်သည်လည်း ဂျပန်ပါဝင်လာပါက ကောင်းလာမည်ဟု မြန်မာအစိုးရက မျှော်မှန်းထားသည်။

"ဂျပန်ပါဝင်လာရင်တော့ ပိုပြီးကောင်းသွားမယ့် အနေအထားပါ။ ဂျပန် အစိုးရဘက်ကလည်း အခုလက်ရှိမှာ စိတ်ဝင်စားတဲ့အနေအထား တွေ့ရတယ်။ မြန်မာ“ဂျပန်ပူးပေါင်းတာက အလားအလာကောင်းတဲ့ အနေအထားဖြစ်တယ်" ဟု ဦးခင်မောင်လွင်က ပြောသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) သည် တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာမှုများ လုပ်ဆောင် ထားပြီး တရားဝင်အစီရင်ခံစာထွက်ရှိရန် ဆောင်ရွက်နေသည်။ 

"ဂျပန်က ကမ္ဘာမှာတောင် နာမည်ရတဲ့ နိုင်ငံတစ်နိုင်ငံ။ ထိုင်းနိုင်ငံက ကျွန်တော်တို့ဆီမှာ စက်ရုံ၊ အလုပ်ရုံတွေ လာပြီးရင်းနှီးမြှုပ်နှံဖို့ လုံးဝမထင်ဘူး။ သူတို့နိုင်ငံအတွင်းမှာပဲ စက်ရုံတွေထောင်ပြီး တနင်္သာရီတိုင်းအတွင်းက အလုပ်သမားတွေကိုပဲ ခေါ်ပြီးလုပ်ခိုင်းမယ့်သဘောရှိတယ်"ဟု ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းတည်နေရာရှိ ရေဖြူမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဦးကြည်စိုးက သုံးသပ်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနေရာနှင့် ဆက်စပ်၍ အခြားပင်လယ် ကမ်းခြေနေရာများတွင် ခရီးသွားလုပ်ငန်း၊ ရေလုပ်ငန်း၊ ငါးသယံဇာတမှ စက်မှုကုန်ချောထုတ်လုပ်သည့် စက်ရုံများ၊ မွေးမြူရေးအစာထုတ်လုပ်သည့် လုပ်ငန်း၊ ပင်လယ်ရပ်ခြားခရီးသွားလာမှုအပြင် စီးပွားရေးလုပ်ငန်းရှင်များ သွားလာမှုများလာမည်ဖြစ်သည်။ ထို့ကြောင့် ဒေသတွင်းရှိ ငါးမွေးမြူရေး လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင်လည်း ဆက်စပ်လုပ်ငန်းများ ပေါ်ပေါက်လာနိုင်သည်ဟု ဒေသခံများက ပြောသည်။

တစ်ပြိုင်နက်မှာပင် ဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့လာနိုင်ပြီး ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသူများသည် လုပ်ငန်းကျွမ်းကျင်မှုဖြင့် ပြန်လာ၍ မိသားစုနှင့် အတူနေနိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းတွင် ဂျပန်ပါဝင်လာပါက ဂျပန်နိုင်ငံမှ စက်ရုံအလုပ်ရုံများ ဝင်ရောက်လာမည်ဖြစ်ရာ ဒေသခံများ အလုပ်အကိုင်ရရှိလာမည်ဖြစ်ကြောင်း ဦးကြည်စိုးက ပြောသည်။ 

ကုမ္ပဏီနှင့် မြန်မာအစိုးရကြားချုပ်ဆိုခဲ့သော စာချုပ်ရှစ်ခုတွင် နှစ်ဖက်ဖြည့်ဆည်းရမည့်အချက် စုစုပေါင်း ၇၈ ချက်ရှိပြီး ၅၅ ချက်ကို အီတာလျံထိုင်း က ဖြည့်ဆည်းရမည်ဖြစ်ပြီး ကျန်အချက်မှာ မြန်မာအစိုးရဘက်က ဖြည့်ဆည်း ရမည်ဖြစ်သည်။ မြန်မာအစိုးရဘက်က လုပ်ဆောင်ရမည့်ကိစ္စများတွင် မြေငှားသဘောတူစာချုပ်၊ EIA, SIA, One Stop Service နှင့် အခြားအချက်များ ပါဝင်သည်။

ကနဦးအဆင့်တွင် လုပ်ဆောင်ရမည့် စီမံကိန်းစုစုပေါင်း ကိုးခုရှိပြီး နှစ်လမ်းသွားကားလမ်း၊ ဆိပ်ကမ်းငယ်၊ ကနဦးစက်မှုဇုန်၊ ကနဦးမြို့ပြလုပ်ငန်းများ ပါဝင်သည်။ အချို့စီမံကိန်းများကို စတင်ထားသော်လည်း ကုမ္ပဏီက ပြီးပြတ် အောင် လုပ်ဆောင်ခြင်းမရှိဘဲ ရပ်နားထားသည်ဟု ထားဝယ် အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမြင့်ဆန်းက ပြောသည်။

အဓိကကျသော နှစ်လမ်းသွားကားလမ်း၊ လျှပ်စစ်နှင့် ရေနက်ဆိပ်ကမ်းစီမံ ကိန်းငယ် စသည့် အရေးကြီးသော စီမံကိန်း သုံးခုခန့်ကို အီတာလျံထိုင်းကုမ္ပဏီ က ပျက်ကွက်ခဲ့သည့်အတွက် မြန်မာအစိုးရက ထိုင်းအစိုးရဆီမှ ချေးငွေယူ၍ လုပ်ဆောင်ခဲ့ရသည်ဟု ထားဝယ်အထူးစီးပွားရေးဇုန်ကော်မတီမှ သိရသည်။ 

နှစ်လမ်းသွားကားလမ်းဖောက်ရန် ချေးငွေသဘောတူညီချက်ရရှိပြီးဖြစ်ကာ  မြေပြင်တွင် လေ့လာဆန်းစစ်မှုလုပ်ငန်းများ စက်တင်ဘာလကုန်တွင်ပြီးစီးပါက ချေးငွေသဘောတူညီချက် စာချုပ်ချုပ်ဆိုမည်ဖြစ်သည်။ လမ်းဖောက်ရန် တင်ဒါခေါ်ယူရမည်ဖြစ်ပြီး ၂၀၂၀ နှစ်လယ်ပိုင်းခန့်တွင် လမ်းဖောက်လုပ်မှု စတင်နိုင်မည်ဟု ခန့်မှန်းထားသည်။

မြန်မာဘက်မှ ဆောင်ရွက်ရန် နောက်ဆုံးကျန်ရှိနေသည့် မြေငှားစာချုပ် သဘောတူညီချက်ကို ထိုင်းနိုင်ငံသို့ မကြာမီပေးပို့သွားရန်ရှိပြီး ယင်းကိစ္စပြီး ပါက မြန်မာနိုင်ငံဘက်မှ လုပ်ဆောင်ပေးရမည့်ကိစ္စများ ပြီးစီးပြီဖြစ်သည်ဟု ဦးခင်မောင်လွင်က ပြောသည်။

ကနဦးအဆင့်ကို အကောင်အထည်ဖော်နေသည့်  အီတာလျံထိုင်းကုမ္ပဏီက လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးကိစ္စကိုJCC အစည်းအဝေးတွင် အသေးစိတ်ဆွေးနွေးသွားမည်ဖြစ်ကာ ကုမ္ပဏီဘက်က မဆောင်ရွက်နိုင်ပါကရှင်းလင်းခြင်းကိစ္စများ ဆောင်ရွက်ရန် စီစဉ်နေသည်ဟု ၎င်းက ပြောသည်။

အီတာလျံထိုင်းကုမ္ပဏီအနေဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို၂ဝဝ၈ ခုနှစ်ကတည်းက လုပ်ဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် စာချုပ်ချုပ်ဆိုခဲ့ သော်လည်း စီမံကိန်းများ အကောင်အထည်ဖော်မှုမရှိခြင်း၊ နှောင့်နှေးကြန့် ကြာခြင်းများရှိခြင်းကြောင့် ကုမ္ပဏီသည် စာချုပ်ကိုလိုက်နာခြင်းမရှိဟု ဦးမြင့်ဆန်းက ပြောသည်။

"စီးပွားရေးအရ တွက်ခြေမကိုက်ဘူးဆိုရင်လည်း ထွက်ပေါ့။ တခြားတင်ဒါ ခေါ်မှာပေါ့။ အခုကျ ထွက်လည်းမထွက်ဘူး။ လုပ်လည်း မလုပ်ဘူး။ နိုင်ငံတော်အနေနဲ့ ဘယ်လိုလုပ်မလဲ။ အရင်တုန်းက သူကုန်ထားတဲ့ ပိုက်ဆံတွေကို ပေးလိုက်ပြီး ထုတ်လိုက်မလား။ ဒီတိုင်းပဲဆက်ထားမလား။ ဒီတိုင်းပဲဆက်ထား ရင်တော့ ထုံးစံအတိုင်းပဲ နှောင့်နှေးခြင်းဗျူဟာနဲ့သွားနေမှာပဲ။ အစိုးရဘက်က အားနည်းချက်က မူဝါဒမပြတ်ဘူး"ဟု ဦးမြင့်ဆန်းက ၎င်းအမြင်ကို ပြောသည်။

အီတာလျံထိုင်းကုမ္ပဏီသည် ၂ဝဝ၈ မှ ၂၀၁၃ ခုနှစ်ထိသာ လုပ်ငန်း အနည်းငယ်ဆောင်ရွက်ခဲ့ပြီး ယင်းနောက်တွင် ယခုအချိန်ထိ အကောင်အထည် ဖော်မှုလုံးဝမရှိဘဲ လုပ်ငန်းရပ်ဆိုင်းထားခဲ့သည်။ ထိုသို့ရပ်နားထားမှုသည်  ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းအပြင် ဒေသဖွံ့ဖြိုးရေး၊ စီမံကိန်းနှင့် ပူးတွဲပါလာမည့် လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်လာရန် မျှော်လင့်ခဲ့ခြင်းအတွက် အားမလိုအားမရဖြစ်စေ ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့ပြင် စက်မှုဇုန်ဧရိယာအတွင်းပါဝင်သည့် ဥယျာဉ်ခြံ၊ လယ်ယာမြေများကို နိုင်ငံတော်က သိမ်းဆည်းထားသော်လည်း ဥပဒေလုပ်ထုံး၊ လုပ်နည်းနှင့်အညီ မြေယာလျော်ကြေးပေးခြင်း၊ အစားထိုးမြေပြန်လည်ပေးခြင်းများကို လုပ်ဆောင် ပေးထားခြင်းမရှိဟု ဆိုသည်။ ထို့ပြင် စီမံကိန်းဧရိယာထဲရှိ မြေများကို လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်ပုံစံ(၇) လျှောက်ထားခြင်းကိစ္စများတွင် ဒေသခံများက အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရသည်ဟု ထားဝယ်ဒေသခံ ဦးသန်းဝင်းက ပြောသည်။

အီတာလီလျံထိုင်းကုမ္ပဏီနှင့် မြေယာလျော်ကြေးပြဿနာများစွာရှိခဲ့ပြီး လျော်ကြေးပေးရာတွင်လည်း တန်းတူညီမျှမဟုတ်ဘဲ စီမံကိန်းအစီအစဉ်များကို ပွင့်လင်းမြင်သာစွာ သိခွင့်မရခဲ့ခြင်းများအပြင် ကြိုတင်ပြင်ဆင်မှုအပိုင်း လွန်စွာ  အားနည်းခဲ့သည့်အတွက် မြေယာဈေးကစားခြင်းဒဏ်များ ခံခဲ့ရကြောင်း၊ မြေယာဈေးကစားသူကြောင့် မြေယာလျော်ကြေးကို ဒေသခံများက ကောင်းမွန် စွာမခံစားခဲ့ရဟု ဒေသခံတစ်ဦးက ပြောသည်။

အစိုးရအဖွဲ့အနေဖြင့် မြေယာကိစ္စများနှင့် ပတ်သက်၍ အရင်ဦးဆုံးပြေလည်မှုရအောင် ဖြေရှင်းထားသင့်သည်ဟု ဦးကြည်စိုးက ပြောသည်။

ကနဦးစီမံကိန်းကို ဦးစွာလုပ်ဆောင်ရန် ရှစ်နှစ်ကြာမြင့်မည်ဟု ခန့်မှန်းထားသည်။ ယခုအခါ ကနဦးအဆင့်နှင့် ပင်မစီမံကိန်းကို တစ်ပြိုင်နက်တည်းလုပ်ဆောင်ရန် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ဆွေးနွေးမှုကို အစိုးရပိုင်းကလည်း သဘောတူညီကြောင်း၊ စီမံကိန်းကို အဓိကအကောင်အထည်ဖော်ရန် ငွေကြေးအင်အားတောင့်တင်းသည့်ကုမ္ပဏီ လိုအပ်သည်ဟု ဦးမြင့်ဆန်းက ပြောသည်။

Facebook comments