လှိုင်သာယာမြို့နယ်မှ အဆောင်များကို အခွန်စကောက်မည်

javascript

ပြည်တွင်း ရွှေ့ပြောင်းအလုပ်သမားအများစု နေထိုင်သည့် လှိုင်သာယာမြို့နယ်ရှိ လူနေအငှားဆောင်များကို အခွန်ကောက်ရန် စီစဉ်နေကြောင်း ယင်းမြို့နယ်ရှိ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းအောင် က မြန်မာတိုင်း(မ်)သို့ ပြောကြားသည်။


"ဒီလထဲမှာစပြီး ကောက်ဖို့စီစဉ်နေတယ်။ အဆောင်နေတဲ့သူတွေအတွက် မထိခိုက်အောင်၊ အဆောင်ခတွေ မတက်အောင် အခွန်ကောက်ဖို့ စီစဉ်မှာပါ။ ရာဖြတ်ဌာနက ဥပဒေသတ်မှတ်ချက်တွေအတိုင်း ကောက်မှာပါ"ဟု ၎င်းက ဆိုသည်။


လှိုင်သာယာမြို့နယ်တွင် ရပ်ကွက်ပေါင်း လူနေအငှားဆောင်ပေါင်း ၆ဝဝဝ ကျော်ခန့်ရှိသည်။ အခွန်များကောက်ခံရာတွင် လူနေအငှားဆောင်များ၏ တစ်နှစ်တာဝင်ငွေ စုစုပေါင်းမှ ၆၀ ရာခိုင်နှုန်းသည် အခွန်ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။ ကျန်ရှိသည့် ၄၀ ရာခိုင်နှုန်းပမာဏ၏ ၁၃ ရာခိုင်နှုန်းကို အခွန်ငွေအဖြစ် ကောက်ယူမည်ဟု ဦးစိုးသိန်းအောင်က ပြောသည်။


အဆိုပါအဆောင်များ အခွန်ကောက်ခံမှုမှ တစ်နှစ်လျှင် ကျပ်သိန်း ၄ဝဝဝ ကျော်ရရှိရန် မျှော်မှန်းထားပြီး အဆောင်တစ်ခုလျှင် အနည်းဆုံး အခန်း ၁၀ ခန်းပါဝင်ကြောင်း၊ လှိုင်သာယာမြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။


"အခန်းခတွေ မတိုးအောင်ဘယ်လို ထိန်းချုပ်မှုတွေ ဆောင်ရွက်မလဲ ဆိုတာတော့ သူတို့စီမံထားတာတော့ ရှိမှာပါ"ဟု တိုင်းဒေသကြီးလွှတ်တော် လှိုင်သာယာမြို့ နယ်မဲဆန္ဒနယ် (၂) ကိုယ်စားလှယ် ဦးမြတ်မင်းသူက ဆိုသည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်း စီးပွားဖြစ် အဆောင် ငှားရမ်းမှုတွင် လှိုင်သာယာမြို့နယ်သည် အများဆုံးဖြစ်သည်။ လူနေဆောင်များ အခွန်ကောက်ခံမှုတွင် လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်များအားလုံး ပါဝင်မည်ဖြစ်ပြီး အတွင်းပဒံရွာ၊ အလယ်ရွာနှင့် ရွှေလင်ဗန်းကျေးရွာတို့ရှိ အဆောင်များအပြင် အခြားရွာအချို့မှ အဆောင်များ လည်း ပါဝင်ကြောင်း ဦးစိုးသိန်းအောင်က ပြောသည်။


လှိုင်သာယာမြို့နယ်တွင် အဆောင်ဖွင့်ထားကြသူ များသည် အဆောင်ပုံစံ အနေအထားအပေါ် မူတည်၍ အခန်းတစ်ခန်းလျှင် ကျပ်သုံးသောင်းခွဲမှ ကျပ်တစ်သိန်းအထိ ဈေးနှုန်းအမျိုးမျိုး သတ်မှတ်၍ ငှားရမ်းလျက် ရှိကြောင်း လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ် အလုပ်သမားများထံမှ စုံစမ်းသိရသည်။


"အရင်တုန်းကတော့ အခွန်ကောက်တာ မရှိခဲ့ဘူး။ အရင်ကလည်း ကြားမိတယ်။ အခွန်ကောက်တာတို့၊လုပ်ငန်းသုံး မီတာတွေတက်မယ်တို့ပေါ့။ ရေမြင့်တော့ကြာမြင့်သလို အဆောင်ပိုင်ရှင်တွေက ဈေးတက်လာနိုင် တယ်။ လက်ရှိကတော့ ကျွန်မတို့အဆောင်မှာ ဈေးမတက်သေးပါဘူး။ အခွန်ကောက်လာရင်တော့ မိုးပြို အများပေါ့။ နိုင်ငံတော်က ကောက်မယ်ဆိုလည်း ပေးရတာပေါ့" ဟု လှိုင်သာယာမြို့နယ် ၁၀ ရပ်ကွက်ရှိ နဒီရိပ်မွန် အဆောင်မှူးဒေါ်နှင်းခိုင်က ဆိုသည်။


Source : Myanmar Time

Property.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်။

Facebook comments