ကွန်ဒိုဈေးကွက်အတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ မျှော်လင့်ခဲ့ကြတဲ့ ကွန်ဒိုဥပဒေ ပေါ်ထွက်လာခဲ့ပြီးနောက် ဥပဒေကို အသက်ဝင်လှုပ်ရှားစေနိုင်ဖို့ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီကို ယခုနှစ်စပိုင်းမှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။စီမံခန့်ခွဲရေး ကော်မတီဖွဲ့စည်းပြီး သုံးလကျော်အကြာ ယခုလ ၅ ရက်က တည်ထောင်သူ လုပ်ငန်းလိုင်စင်ပေါင်း ၃၂ ခုကို ပေးအပ်ခဲ့ပါတယ်။
"ကော်မတီဖွဲ့ပြီး တစ်လလောက်အကြာမှာပဲ လုပ်ငန်း လိုင်စင်ပေါင်း ၂၀ ကျော် ပေးနိုင်ခဲ့တယ်။ ကွန်ဒိုဥပဒေမှာ နိုင်ငံခြားသား တည်ထောင်ခွင့်ပြုမပြုကို အတိအလင်းပြဋ္ဌာန်းထားတာမရှိတာကြောင့် ဥပဒေအရ မရှင်းလင်းသေးတဲ့ကိစ္စတွေကို ဝန်ကြီးဌာနတွေ ခွင့်ပြုညှိနှိုင်းချက် တွေနဲ့ ညှိနှိုင်းခွင့်ပြုပေးနေပါတယ်"လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဝင် ဦးမျိုးမြင့်က ပြောပါတယ်။
၂၀၁၉ ဇွန်၊ ဇူလိုင်လလောက်မှာ တည်ထောင်ခွင့်ပြုမိန့် တွေကို စတင်ထုတ်ပေးနိုင်ဖို့ ရည်မှန်းထားပြီး ဆောက်လုပ်ပြီးနဲ့ ဆောက်လုပ်ဆဲ အဆောက်အအုံတွေက ဈေးကွက်ကို ပိုပြီးအကျိုးသက်ရောက်မှုရှိနိုင်လိမ့်မယ်လို့ ခန့်မှန်းထား ကြပါတယ်။ တွေအတွက် ထိန်းသိမ်းစောင့်ရှောက်ခ ကောက်ခံရာမှာ တစ်ပြေးညီ ကောက်ခံလို့မရတဲ့အတွက် ကောက်ခံရမယ့် နှုန်းထားကို တွက်ချက်နိုင်တဲ့ ပညာရှင်ရဲ့လက်မှတ်ပါမှသာ ကွန်ဒိုတွေကို တည်ထောင်ခွင့်ပြုမိန့် ထုတ်ပေးနိုင် မှာဖြစ်ပါတယ်။ ပညာရှင်အဖြစ် လက်မှတ်ထုတ်ပေးနိုင်ဖို့ သင်တန်းပို့ချပေးနိုင်ရန် မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ၊ ဗိသုကာကောင်စီတို့နဲ့ အစည်းအဝေးပြုလုပ်ဖို့ ရှိတယ်လို့လည်း ဦးမျိုးမြင့်က ဆိုပါတယ်။
"ဥပဒေမှာ တချို့အချက်တွေက လုပ်ကိုင်ရခက်ခဲနေတာတွေရှိတယ်။ ဒါကြောင့်လဲ ကော်မတီရဲ့အရွေ့က နည်းနည်းနောက်ကျနေပေမဲ့ တခြားကော်မတီတွေထက် တော်တော်တော့ အလုပ်လုပ်တယ်"လို့ ဦးမျိုးမြင့်က ပြောပါတယ်။
ယင်းအပြင် ကွန်ဒိုဥပဒေအရ စုပေါင်းပိုင်အဆောက် အအုံ တည်ထောင်သူတွေအနေနဲ့ တရားဝင် ဘဏ် အကောင့်တစ်ခုကို ဖွင့်လှစ်ထားရှိပြီး ရင်းနှီးမြှုပ်နှံငွေတွေကို ထည့်သွင်းထားကြောင်း ပြသရမှာဖြစ်ပါတယ်။ အရစ်ကျဝယ်ယူထားသူတွေကလည်း အဆိုပါဘဏ် အကောင့်မှာပင် ထည့်သွင်းရမှာဖြစ်တဲ့အတွက် ငွေသွင်းငွေလွှဲကိစ္စများအတွက် ကော်မတီက ဘဏ်လုပ်ငန်းရှင် များအသင်း၊ ဗဟိုဘဏ်တို့နဲ့ တွေ့ဆုံညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။
"လာမယ့် နှစ်ကုန်ပိုင်းလောက်မှာတော့ ကွန်ဒိုဈေးကွက် ကို လှုပ်ရှားမှုဖြစ်စေနိုင်လိမ့်မယ်၊ ကွန်ဒိုဥပဒေအရ အကျုံးဝင်တဲ့ ကွန်ဒိုအလုံး ၃၀၊ ၄၀ လောက်ကိုတော့ ထိရောက်မှုရှိစေလိမ့်မယ်"လို့ ဦးမျိုးမြင့်က ဆိုပါတယ်။
နိုင်ငံခြားသားဝယ်ယူခွင့်နဲ့ပတ်သက်ပြီး ငွေပေးငွေယူ ကိစ္စတွေမှာ ဥပဒေအရ မရှင်းလင်းတာတွေ ရှိသေးတာ ကြောင့် စတင်ဝယ်ယူခွင့်ရတဲ့အချိန်မှာ အနည်းငယ် အခက်အခဲရှိနေနိုင်သေးတယ်လို့လည်း လုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။
နိုင်ငံခြားသားတွေ ကွန်ဒိုဝယ်ယူတဲ့အခါ ပထမဦးစွာ မူရင်းနိုင်ငံကို ငွေလွှဲပြီး အဲဒီကတစ်ဆင့် မြန်မာနိုင်ငံဘဏ် အကောင့်ထဲကို ငွေပေးချေရမှာဖြစ်ပါတယ်။ ငွေပေးချေ ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး နိုင်ငံခြားသား ဝယ်ယူတဲ့အခါအဆင်ပြေစေဖို့ ဗဟိုဘဏ်နဲ့ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီတို့ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှာဖြစ်ပါတယ်။
လက်ရှိဈေးကွက်အနေအထားအရ ၂၀၁၉ ခုနှစ်ရဲ့ ပထမလေးလပတ် ကာလမှာ ဈေးကွက်လှုပ်ခတ်တဲ့ အနေ အထားမရှိဘဲ ကွန်ဒိုအငှားဈေးကွက်မှာ ပိုကောင်းလာပြီး အငှားဈေးနှုန်းတွေ ပြန်ကောင်းလာတယ်လို့Success Property Consultant ကုမ္ပဏီ Property Sales Director ဦးကျော်စည်သူက ဆိုပါတယ်။
"ကျွန်တော်တို့ရဲ့ ခန့်မှန်းချက်အရ ဒီနှစ်ရဲ့ နောက်ဆုံးလေးလပတ်လောက်မှာတော့ ဈေးကွက်ကို နည်းနည်း လှုပ်လှုပ်ခတ်ခတ်ဖြစ်စေလိမ့်မယ်လို့ ထင်ပါတယ်။ စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းလိုက်တာကလည်း လက်ရှိမှာတော့ သိပ်မထိရောက်သေးပေမဲ့ ဆောက်လုပ်ရေးလောကအတွက် အရွေ့တစ်ခုဖြစ်စေတယ်လို့ ထင်ပါတယ်"ဟု ဦးကျော်စည်သူက ပြောသည်။
ကွန်ဒိုဈေးကွက်အတွင်းမှာ အခန်းပေါင်း သုံးသောင်းခန့်ရှိပြီး ၆၀ ရာခိုင်နှုန်းခန့်က ဆောက်လုပ်ပြီးစီးတဲ့အခန်းတွေဖြစ်ကြောင်း၊ မေလအတွင်းမှာ ရောင်းဝယ်မှု အခြေအနေတွေ ပိုမိုအားကောင်းလာနိုင်ကြောင်းလည်း ဦးကျော်စည်သူက ဆိုသည်။
"ကွန်ဒိုဥပဒေအရ အကျုံးဝင်ပြီး မှတ်ပုံတင်ခွင့်ရမယ့် ကွန်ဒိုတွေကတော့ ပိုပြီးအရောင်းအဝယ် အားကောင်းလာလိမ့်မယ်။ လူသိများလာပြီး ဝယ်မယ့်သူတွေအတွက်လည်း ဆုံးဖြတ်ချက်ချဖို့ ပိုလွယ်လာလိမ့်မယ်လို့ ထင်ပါတယ်"လို့ ဦးကျော်စည်သူက ပြောပါတယ်။
ဈေးကွက်အတွင်းမှာ မှတ်ပုံတင်ပြီး ကွန်ဒိုတွေရောက်ရှိ လာခဲ့ရင် အရောင်းအ-ဝယ်ပိုကောင်းလာနိုင်ပေမဲ့ ဥပဒေရဲ့ကန့်သတ်ချက်တစ်ခုဖြစ်တဲ့ စတုရန်းပေ နှစ်သောင်းအထက်ရှိတဲ့ ကွန်ဒိုတွေသာ အကျုံးဝင်နိုင်တာကြောင့် အဲဒီအချက်နဲ့ ကိုက်ညီတဲ့ ကွန်ဒိုတွေ ဈေးကွက်အတွင်း အလွန်နည်းနေပါသေးတယ်။ ဒါကြောင့် ဈေးကွက်ကို အချိန်ကာလတစ်ခုအထိ စောင့်ကြည့်ရဦးမှာဖြစ်ပြီး ဈေးကွက်နဲ့ မကိုက်ညီတဲ့အချက်တွေရှိရင် ပြန်ပြင်သင့်ရင်ပြင်ရမှာဖြစ်တယ်လို့ iMyanmarHouse.com ရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူက ပြောပါတယ်။
လက်ရှိမှာ သင်္ကြန်နီးလာတဲ့အတွက် ဈေးကွက်ထဲမှာ အရောင်းအဝယ် အနည်းငယ်အေးစက်နေပြီး သင်္ကြန်ကာလလွန်တဲ့အခါ ဈေးကွက်ပြန်လည် လည်ပတ်လာ လိမ့်မယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင်တွေက မျှော်လင့်ကြ ပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေက ပိုကောင်း လာမယ်ဆိုရင်တော့ နိုင်ငံခြားသားတွေ ပိုမိုဝင်ရောက်လာပြီး ကွန်ဒိုတွေ ရောင်းအားကောင်းလာနိုင်မယ်လို့ ဦးနေမင်းသူက သုံးသပ်ပါတယ်။
Source : Myanmar Time
Property.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်။
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments