မန္တလေးမြို့တွင် ၂၀၁၆၊ မတ်လက မီးလောင်ကျွမ်းခဲ့သည့် မင်္ဂလာဈေးနေရာတွင် ဈေးသစ် တည်ဆောက်ရန်ကုမ္ပဏီနှစ်ခုကို ရွေးချယ်ထားကာ တည်ဆောက်ရေးလုပ်ငန်းများကို ယခုနှစ်အတွင်း စတင်နိုင်ဖွယ်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
တင်ဒါစိစစ်ရေးအဖွဲ့က Capital Development Limited နှင့် Mandalar Consortium Co.,Ltd တို့ကို အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ရွေးချယ်ထားပြီးကိုက်ညီသောဒီဇိုင်းတစ်ခုသတ်မှတ်နိုင်ရန်ကော်မတီဖွဲ့စည်းထားကြောင်း ၎င်းက ဆိုသည်။
အဆိုပါကော်မတီတွင် စည်ပင်သာယာ ရေး ကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးမှူး၊ မီးသတ်၊ ဈေး အကျိုးဆောင် စသည့် ဌာနများမှတာဝန်ရှိသူများ စုစုပေါင်း ၁၃ ဦးပါဝင်မည်ဖြစ်သည်။ ကော်မတီက ဧပြီ၎ ရက်က ပထမအကြိမ် တွေ့ဆုံခဲ့ပြီး ဈေးပြန်လည်တည်ဆောက်ရေးအတွက် အချိန်ကာလ သတ်မှတ်ခြင်း၊ နိုင်ငံတကာအဆင့်မီ ဈေးဖြစ်လာစေရန် သင့်တော်သည့် အဆောက်အအုံ ဒီဇိုင်းကိုရွေးချယ်ရန်လည်း သဘောတူညီခဲ့ကြောင်း ဦးကျော်ဆန်းမြင့်က ဆိုသည်။
"ကော်မတီလည်း ဖွဲ့ပြီးပြီဆိုတော့ မြန်မြန်အသက်ဝင်၊ အကောင်အထည် ဖော်နိုင်မယ်ထင်ပါတယ်။ ဆိုင်ခန်းရှင်တွေ စာရင်းလည်း ကောက်ထားတယ်။ ဒီနှစ်ထဲ လုပ်ငန်းစတင်နိုင်လောက်ပါတယ်"ဟု ၎င်းက ပြောသည်။
သို့သော် ယခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးခန်း၌ ဈေးအသစ်အဆောက်အအုံ ပုံစံကို ထုတ်ဖော်ပြသခဲ့ရာ အဆောက်အအုံပုံစံသည် အစိုးရက ဈေးသူဈေးသားများကို ကတိပြုထားသည့် အချက်များနှင့်ကွဲလွဲနေကြောင်း ဈေးသူ ဈေးသားများက ယခုလ ၅ ရက်တွင်သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည်။
ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့သည့် အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ စည်ပင်သာယာ ဈေးဌာနမှူးနှင့် ဈေးအကျိုးတော်ဆောင် အဖွဲ့တို့ ပါဝင်ခဲ့သည်။
ဈေးမြေညီထပ်ရှိ အခန်းပိုင်ဆိုင်သည့် ဈေးသူဈေးသားများကို မူလအတိုင်း အခန်းပြန်ပေးမည်ဟု ပြောဆိုထားသော်လည်း အစိုးရအဖွဲ့က ပြသခဲ့သည့်အဆောက်အအုံ ပုံစံအရ မြေညီထပ်ရှိ ဆိုင်ခန်းများ အားလုံးကို အပေါ်လေးလွှာသို့ ပို့ထားကြောင်း၊ ယင်းကွဲလွဲချက်များက ဈေးသူဈေးသားများကို စိုးရိမ်စိတ်ဖြစ်ပေါ်စေသည်ဟု ဆိုင်ခန်းပိုင်ရှင် တစ်ဦးဖြစ်သူ ဦးကိုကိုမောင်က ပြောသည်။
"ဈေးမြေနေရာအကောင်းဆုံးဖြစ်တဲ့ ၇၃ လမ်းနဲ့ လမ်း ၃၀ ထောင့်နေရာကို ပလာဇာလုပ်ထားတယ်။ ဒီပုံစံက ဈေးသူ ဈေးသားတွေကို တော်တော်ဒုက္ခပေးမယ်။ ဒီလိုချပြလိုက်တော့ ကျွန်တော်တို့ ဈေးသည်တွေ အကုန်တုန်လှုပ်သွားပါတယ်။ ဈေးမီးလောင်တာက အခုထိဘာကြောင့်ဖြစ်မှန်းမသိရသေးဘူး၊ ဈေးသူဈေးသားတွေက မသေချာတဲ့ဘဝကို ရောက်တော့မှာပါ"ဟု ၎င်းက ပြောသည်။
ဆိုင်ခန်းရှင်တစ်ဦးဖြစ်သူ မဥမ္မာကလည်း ဈေးအသစ်တွင် ပထမထပ် ဖြစ်စေ၊ ဒုတိယထပ်ဖြစ်စေ ဈေးထွက်ရပါက လက်လီအရောင်းဆိုင်အဖြစ် ရပ်တည်ရန် အခက်အခဲ ကြီးမားပြီး မည်သို့မျှရောင်းချ၍မဖြစ်နိုင်တော့ကြောင်း ပြောသည်။
အဆိုပါဈေးဒီဇိုင်းနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပေးထားသောကတိကို ဖျက်နေသည်ဟုဆိုကာနိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်တို့က ကြားဝင်ဖြေရှင်းပေးရန် ဈေးသူဈေးသားများက သမ္မတရုံးသို့ လိပ်မူပြီး ယခုလအတွင်း စာပေးပို့ထားသည်။
ဦးကျော်ဆန်းမြင့်ကမူ ဈေးဒီဇိုင်းကို အတည်မပြုရသေး၍ ဈေးသူဈေးသားများ ပြောဆိုသည့် ဈေးဒီဇိုင်းအပေါ် မှတ်ချက်ပြု မပြောဆိုနိုင်သေးကြောင်း၊ မီးသင့်ထားသော ဈေးအဆောက်အအုံကို ပြန်လည်အသုံးပြု လိုသူများ ရှိသော်လည်း ကြံ့ခိုင်မှုကို စစ်ဆေးပြီးနောက် ပြန်လည်အသုံးပြုနိုင်ရန် မဖြစ်နိုင်တော့သဖြင့် အသစ်ပြန်လည် တည်ဆောက်ရခြင်းဖြစ်ကြောင်း ပြောသည်။
"အဲဒီဒီဇိုင်းက ဘယ်ကထွက်နေတဲ့ ဒီဇိုင်းမှန်း မသိပါဘူး။ ကုမ္ပဏီက ဒီဇိုင်းတစ်ခု ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ရွေးချယ်သတ်မှတ်ထားတဲ့ဒီဇိုင်း မဟုတ်ဘူး"ဟု ၎င်းက ပြောသည်။
၇၃ လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ စည်ပင်သာယာပိုင် မင်္ဂလာဈေးသည် ၂၀၁၆၊ မတ်လ ၂၂ ရက် ညနေပိုင်းတွင် မီးလောင်ကျွမ်းခဲ့ပြီး အရောင်းပြခန်း၊ အထည်ဆိုင်ခန်း၊ လူနေခန်းစုစုပေါင်း ၂၉၇ ခန်း မီးလောင်ပျက်စီးခဲ့သည်။ မီးလောင်ကျွမ်းရသည့် အကြောင်းရင်းကိုမူ လက်ရှိအချိန်အထိ မသိရှိရသေး ကြောင်း ဈေးသူဈေးသားများက ပြောသည်။
Source : The Myanmar Times
Property.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်။
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments