မကွေးတိုင်းဒေသကြီးအတွင်းမှာ လုပ်ကိုင်ခွင့်ရယူထားပြီး အသုံးပြုခြင်းမရှိတဲ့ မြေလွတ်မြေရိုင်း စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်လိုသူတွေကို ပြန်လည်ချထားပေးရာမှာ (၆)လအတွင်း လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။
အသုံးပြုခြင်းမရှိတဲ့ဧက (၂)သိန်းလောက်ကို ပြန်လည်သိမ်းယူပြီး စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်လိုသူများကို ချထားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ (၂၀၁၈)ခုနှစ် စက်တင်ဘာလ (၁၁)ရက်နေ့ကစတင်ပြီး (၂၀၁၉)ခုနှစ် မတ်လ (၁၀)ရက်နေ့အထိ (၆)လအတွင်း လျှောက်ထားနိုင်တယ်လို့ မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက သိရပါတယ်။
‘ ကိုယ်စိုက်ပျိုးနေတာက မြေလွတ်မြေရိုင်းဆိုရင်လဲ တရားဝင်လျှောက်ထား ရယူရပါမယ်၊ ဥပဒေအသစ်က အကျိုးခံစားခွင့်တွေ၊ ပြစ်မှုပြစ်ဒဏ်တွေနဲ့ ထိရောက်လာမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာမြို့နယ်တွေမှာ လျှောက်လွှာတွေရယူပြီး (၆)လအတွင်း လျှောက်ထားဖို့ လိုပါတယ် ‘ လို့ မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဇော်ဝင်းက ပြောပါတယ်။
လျှောက်ထားရယူလိုသည့် မြေအတွက် (၁)ဧကကို ပရီမီယံကြေး ကျပ် (၁၀,၀၀၀)ပေးသွင်းရမှာဖြစ်ပြီးတော့ သည်မြေကို (၄)နှစ်အတွင်း အကောင်အထည်ဖော် ပြီးမြောက်ရမှာ ဖြစ်ပါတယ်။အကောင်အထည်မပေါ်ပါက ပရီမီယံကြေးများ ဆုံးရှုံးမှာဖြစ်ပြီး အောင်မြင်တယ်ဆိုရင် သွင်းထားတဲ့ ပရီမီယံကြေးများအပြင် ရာသီသီးနှံ (၃)နှစ်စိုက်ပျိုးပြီးနောက်ပိုင်း ပေါင်နှံရောင်းချခွင့်ရှိတဲ့ ပုံစံ(၇)လက်မှတ်များရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ (၂၀၁၈)ခုနှစ် စက်တင်ဘာလ (၁၁)ရက်နေ့က အတည်ပြုခဲ့တဲ့ မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်ခဲ့တဲ့ဥပဒေအရ အရင်က တိုင်းဒေသကြီးအဆင့်မှာ စိုက်ပျိုးမြေနဲ့ ဧက (၅၀)သာ ခွင့်ပြုနိုင်ခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းအတွက် ဧက (၃၀၀)အထိနဲ့ မွေးမြူရေးလုပ်ငန်းအတွက် ဧက (၅၀)အထိ ခွင့်ပြုတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
တိုင်းအဆင့်ကို အထူးအဖွဲ့စစ်ပြီးပြီဖြစ်ပြီး လုပ်ကိုင်ခွင့်ရယူထားသူတွေကို ထုတ်ပေးထားတဲ့ Certificate တွေကို ပြန်သိမ်းပြီးတော့ လက်ရှိလုပ်နေသလောက်နေရာကိုပဲ Certificate ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ ဦးဇော်ဝင်းက ‘ ကျန်တဲ့နေရာတွေကို အော်တိုမစ်တစ် သိမ်းပြီးသားဖြစ်သွားပါပြီ၊ အဲဒီမြေထဲကလဲ လျှောက်လို့ရပါတယ်၊ လျှောက်မယ့်သူက မိမိစိုက်ပျိုးလိုတဲ့ မြေနေရာကို ကိုယ်တိုင်သွားကြည့်ပြီးတော့မှ ဘယ်မြို့နယ်၊ ဘယ်အုပ်စုထဲမှာ ပါတယ်၊ မြေလွတ်မြေရိုင်းလား၊ သစ်တောမြေလား၊ စားကျက်မြေလား စသည်ဖြင့် သိပြီးမှလျှောက်လို့ရမှာပါ ‘ လို့ ရှင်းပြပါတယ်။
သူကဆက်ပြီး ‘ မြေအရှုပ် အရှင်းမရှိတဲ့နေရာမျိုးဆို မြန်မြန်ဆန်ဆန်ရသွားမယ်၊ သက်ဆိုင်ရာနေရာတွေမှာ စုံစမ်းပြီးမှလုပ်ရင် ကောင်းပါမယ် ‘ လို့ ပြောပါတယ်။ ဝန်ကြီးဌာန ကြိုတင်ခွင့်ပြုချက်များ၊ ဒေသအာဏာပိုင်အဖွဲ့ကြိုတင်ခွင့်ပြုချက်များ၊ ဗဟိုအဖွဲ့ခွင့်ပြုချက်၊ ဗဟိုကော်မတီခွင့်ပြုချက်၊ တိုင်းလုပ်ငန်းအဖွဲ့ခွင့်ပြုချက်ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ မကွေးတိုင်းဒေသကြီးအတွင်းက မြေလွတ်မြေရိုင်းဧက (၂)သိန်းကျော်ကို လုပ်ကိုင်ခွင့် (၁၀၀)ကျော် ရရှိခဲ့ပါတယ်။
ဒါပေမဲ့လည်း ဧက (၅၀,၀၀၀)ကျော်သာ အကောင်အထည်ဖော်ထားတာကို စိစစ်တွေ့ရှိခဲ့တာကြောင့် ဧက(၂)သိန်းနီးပါးကို ပြန်လည်သိမ်းဆည်းဖို့ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Source : The Kumudra
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments