မန္တလေးစက်မှုဇုန်ဝန်းကျင်ရှိ မြေကွက်များတွင် ဂိုဒေါင်ဆောက်လုပ်၍ စီးပွားရေးလုပ်ငန်းရှင်များကို ငှားရမ်းမှု မြင့်တက်လာကြောင်း မန္တလေးမြို့ခံ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များအသိုင်းအဝိုင်းထံမှ သိရသည်။
စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ မြေကွက်လပ်များကို အုတ်တံတိုင်းကာရံခြင်း၊ ဝင်းခြံကာရံခြင်း၊ အဆောက်အအုံများ ဆောက်လုပ်ကြရန်နှင့် လိုက်နာခြင်းမရှိသူထံမှ မြေကွက်ပြန်သိမ်းမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ပထမအကြိမ်သတိပေးခဲ့ပြီး ယခုနှစ်မေလ ၁၈ ရက်နေ့တွင် နောက်ဆုံးအကြိမ် အသိပေးကြေညာချက် ထုတ်ပြန်ထားသောကြောင့် ယခုကဲ့သို့ ဆောက်လုပ်လာကြခြင်းဖြစ်သည်။
မြေကွက်လွတ်များပေါ်တွင် အဆောက်အအုံများဆောက်လုပ်ရန် အစိုးရကညွှန်ကြားထားမှုကို လိုက်နာပြီးသာဖြစ်သလို ကျူးကျော်နေထိုင်သူများ၏ အန္တရာယ်မှလည်း ကာကွယ်ပြီးဖြစ်သောကြောင့် မြေကွက်ပိုင်ရှင်အချို့က ဂိုဒေါင်များဆောက်လုပ်၍ ပြန်လည်ငှားရမ်းလာကြခြင်းဖြစ်ကြောင်း ဝသုနြေ္ဒ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းပိုင်ရှင် ဦးမျိုးမြင့်အောင်က ပြောကြားသည်။
“စက်မှုဘက်မှာငှားချင်လို့ဆိုပြီး လာစုံစမ်းနေတဲ့လူကလည်း နေ့စဉ်ရှိနေတယ်။ မိုနိုပိုလီကစားပွဲလိုပဲ။ မြေကွက်အငှားဈေးကွက်ဖြစ်တဲ့နေရာမှာ အဆောက်အအုံဆောက်ပြီးငှားတော့ မြေရှင်အတွက်လည်း ပိုက်ဆံပြန်ဝင်တာပေါ့”ဟု ၎င်းက ရှင်းပြသည်။
စက်မှုဇုန်အတွင်း စက်ရုံနှင့်ဂိုဒေါင် အကြီးစားများ ပါဝင်သောမြေကွက်များကို ငှားရမ်းလိုသူများလည်းရှိရာ အငှားဈေးကွက်ကောင်းမွန်လာသည့်အပေါ် မြေကွက်ပိုင်ရှင်အချို့က အဆောက်အအုံများ ဆောက်လုပ်ကာ ငှားရမ်းလာကြခြင်းဖြစ်ကြောင်း ပတ္တမြားနန်းတော် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းရှင် ဦးဝင်းကျော်ဇောက ဖြည့်စွက်ပြောကြားသည်။
“မြေဝယ်ထားတဲ့သူက ပြန်ရောင်းရှုံးမယ်ဆိုတော့ ဒီအတိုင်းပစ်ထားမယ့်အတူတူ ဂိုဒေါင်ဆောက်ပြီး ငှားစားရင် ပိုအဆင်ပြေတော့ အများစုက ဂိုဒေါင်တွေ ဆောက်လာကြတယ်”ဟု ၎င်းက ပြောဆိုသည်။
စက်မှုဇုန်တွင် မြေကွက်ငှားရမ်းလိုသူအများစုမှာ တရုတ်နိုင်ငံသားဖြစ်ပြီး အသီးအနှံနှင့် စက်ပစ္စည်းများ သိုလှောင်ရန် ဂိုဒေါင် (အကြီးစား) များကိုသာ ငှားရမ်းလေ့ရှိကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
စက်မှုဇုန်ပတ်ဝန်းကျင်ရှိ ဂိုဒေါင်ပါ မြေကွက်များ၏ ငှားရမ်းခမှာ အကျယ်အဝန်းနှင့် လမ်းအနေအထားပေါ်မူတည်၍ ကျပ်သိန်း ၂၀ မှ ကျပ်သိန်း ၁၀၀ ဝန်းကျင် အထိရှိကြောင်း ပြည်ကြီးတံခွန် မြို့နယ်ရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် အချို့ထံမှသိရသည်။
Source : The Voice
Property.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်။
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments