ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်သင်တန်းကျောင်းမြေပေါ်တွင် အကောင်အထည်ဖော်မည့် ကိုရီးယား- မြန်မာ စက်မှုဇုန်စီမံကိန်း (Industrial Complex) အတွက် ကိုရီးယားဘဏ် EXIM Bank of Korea ထံမှ အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၈၁၆ သန်း ချေးငွေယူပြီး တည်ဆောက်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။
အဆိုပါချေးငွေဖြင့် စက်မှုဇုန်ဧရိယာ ပြင်ပ အခြေခံအဆောက်အဦ ဆောက်လုပ်ခြင်း စီမံကိန်းများဖြစ်သည့် ရေရရှိရေးအတွက် ရေပိုက်လိုင်းဆက်သွယ်ခြင်း၊ ရေသန့်စင်စက်ရုံ တည်ဆောက်ခြင်း၊ လျှပ်စစ်မီးရရှိရေးအတွက် ဓာတ်အားလိုင်းများ ဆက်သွယ်ခြင်း၊ ဓာတ်အားခွဲရုံတည်ဆောက်ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးအတွက် လေးလမ်းသွား နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။
ယင်းစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ကိုရီးယားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဖိတ်ခေါ်နိုင်မည်ဖြစ်ပြီး စီမံကိန်းတွင်ပါဝင်မည့် စက်ရုံများသည် နိုင်ငံခြားပို့ကုန်များ တိုးမြှင့်ထုတ်လုပ် တင်ပို့နိုင်မည်ဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ငါးသောင်းမှ တစ်သန်းအထိ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဩဂုတ်လ ၃၀ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားထားသည်။
ကိုရီးယားနိုင်ငံက အဆိုပါချေးငွေကို ဆိုင်းငံ့ကာလ ၁၅ နှစ်၊ ပြန်ဆပ်မည့်ကာလ ၂၅ နှစ်ဖြစ်ပြီး စုစုပေါင်းချေးငွေ သက်တမ်းမှာ နှစ် ၄၀ ဖြစ်ကာ အတိုးနှုန်းမှာ သုည ဒသမ ဝ၁ ရာခိုင်နှုန်းဖြစ်သည်။
အဆိုပါစီမံကိန်း၏ ပြည်ပအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများအတွက် ပြည်တွင်းပြည်ပကုမ္ပဏီများကို ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ဒါ ခေါ်ယူသွားမည်ဖြစ်ကြောင်း၊ ယင်းစက်မှုဇုန်စီမံကိန်းတွင် စက်ရုံအလုပ်ရုံပေါင်း ၂၀၀ ခန့် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။
“အခု ပြည်တွင်းမှာလုပ်နေတဲ့ လုပ်ငန်းတွေအတွက်လိုအပ်တဲ့ ကုန်ကြမ်းတွေ အများစုက နိုင်ငံခြားကပဲ တင်သွင်းနေရတာ၊ လိုအပ်တဲ့ကုန်ကြမ်းတွေကို ထုတ်လုပ်မယ့် စက်ရုံတွေပါလာရင်တော့ နိုင်ငံအတွက် တော်တော်အကျိုးရှိမယ်”ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
Credit: The Voice
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments