ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် တရုတ်နှင့် မြန်မာဖက်စပ်ရင်းနှီးမြှုပ်နှံ၍ မြေဧက ၂၅၀ ပေါ်တွင် စက်မှုဇုန်အသစ်တစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
အဆိုပါ စက်မှုဇုန် တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၂၈ သန်းကျော် ရင်းနှီးမြှုပ်နှံထားပြီး တည်ဆောက်ရေးကာလမှာ သုံးနှစ်နီးပါး ကြာမြင့်မည်ဖြစ်ကြောင်း ယင်းဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။
“ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ မြေယာနဲ့ပတ်သက်လို့ မြေရမယ်ဆိုပြီး အာမ မခံထားဘူး။ ဒါပေမဲ့ မြေယာနဲ့ပတ်သက်ရင် အတတ်နိုင်ဆုံး ပြေလည်အောင် လုပ်မယ်ဆိုပြီး ပြောထားတာရှိတယ်။ တိုင်းနဲ့ ပြည်နယ်တွေမှာ စက်မှုဇုန်တွေရှိမှာ၊ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်မှာဖြစ်တဲ့အတွက် အစိုးရအနေနဲ့လည်း သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အလိုက် မြေတွေပေးဖို့ ရှိတယ်။ စက်မှုဇုန်တွေ တိုးချဲ့ဆောက်နိုင်ဖို့အတွက်ပါ”ဟု ၎င်းကဆိုသည်။
သီလဝါ အထူး စီးပွားရေးဇုန်တွင် ဂျပန်က ဦးဆောင် ပုံဖော်သကဲ့သို့ နောက်ပိုင်း တည်ထောင်မည့် စက်မှုဇုန်များတွင်လည်း ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များက ဦးဆောင်ရမည်ဖြစ်ပြီး ရေ၊ မီး ရရှိရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး စသည်တို့ကို ပြေလည်အောင် ဆောင်ရွက်နိုင်မည့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
အစိုးရသက်တမ်း ၂ နှစ် ကျော်လာပြီဖြစ်သော်လည်း ဖော်ဆောင်ပြီးသား စက်မှုဇုန်များအတွင်းရှိ မြေများကို ပြန်လည်စိစစ်ပြီး သိမ်းယူမှုများ မရှိခြင်း၊ မြေယာနှင့်ပတ်သက်သည့် မူဝါဒများကို ကောင်းမွန်စွာ မချမှတ်နိုင်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ပါက မြေပြဿနာနှင့် ရင်ဆိုင်နေရကြောင်း စက်မှု ကုန်ထုတ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“စက်မှုဇုန်ထောင်တိုင်း ရင်းနှီးမြှုပ်နှံမှုက ဝင်တာမဟုတ်ဘူး။ အဓိကက ကုန်ကျစရိတ် သက်သာမှ ဝင်တာ။ ဒီမှာ စက်ရုံတစ်ရုံထောင်ရင် သိန်းတစ်သောင်းလောက် ရင်းနှီးရတယ်။ ဗီယက်နမ်တို့ဆိုရင် သိန်းသုံးထောင်လောက် ရှိတော့ စက်ရုံဝင်ဖို့ဆိုတာ သူများနိုင်ငံတွေထက် စာရင် မလွယ်တဲ့ အနေအထား ဖြစ်နေတယ်”ဟု ၎င်းကရှင်းပြသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စက်မှုဇုန်ပေါင်း ၁၉ ခုခန့်ရှိပြီး အထူးစီးပွားရေးဇုန် သုံးခုရှိကြောင်း စက်မှုဝန်ကြီးဌာနထံမှ သိရသည်။
Source : The Voice
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments