ရန်ကုန်-ဒလ တံတားတည်ဆောက် ရေးလုပ်ငန်းခွင်နှင့် မလွတ်ကင်းသည့် ဒလကမ်းနားတစ်လျှောက်ရှိ ကျူးကျော် အဆောက်အအုံ ၁၀ဝ ခန့်ကို နိုဝင်ဘာလ အပြီး ဖျက်သိမ်းမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
အဆိုပါ ဖျက်သိမ်းခံရသည့် အဆောက်အအုံ ၁၀ဝ ခန့်မှာ ကျူးကျော်များဖြစ်ခြင်းကြောင့် လျော်ကြေးပေးမည် မဟုတ်ဘဲ ရွှေ့ပြောင်းစရိတ်သာ ပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“တံတားလမ်းကြောင်းနဲ့ ယန္တရား ထားမယ့်နေရာနဲ့ မလွတ်တဲ့သူတွေကို ဖျက်ခိုင်းထားတယ်။ ဖျက်ခံရတဲ့သူတွေက ကျူးတွေ သူတို့ဟာသူတို့ ကျူးထားတယ်။ သူတို့ကို ပြောင်းရွှေ့တဲ့အခါ ယာယီ နေရာပေးမယ်။ အပိုင်ပေးတာ မဟုတ်ဘူး။ ကမာ ကဆစ်သမ္ဗာန်ဆိပ်ကိုလည်း ရွှေ့ပြောင်းပေးမယ်”ဟု ဒလမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရွှေယင်က ဆိုသည်။
ဒလတံတားစီမံကိန်းနှင့် မလွတ်ကင်းသည့် ဖျက်သိမ်းပေးရမည့် အဆောက်အအုံများထဲတွင် အိမ်၊ ဆိုင်ခန်း၊ လက် ဖက်ရည်ဆိုင်စသည်ဖြင့် ပါဝင်ပြီး စည်ပင်ပိုင်မြေပေါ်တွင် အဆောက်အအုံ ၂၀ နှင့် ဆိပ်ကမ်းအာဏာပိုင် မြေပေါ်တွင် ၇၆ လုံးရှိကြောင်း ၎င်းကဆိုသည်။
ရန်ကုန်-ဒလ တံတားစီမံကိန်းနှင့် မလွတ်ကင်းသည့် စာသင်ကျောင်း နှစ်ကျောင်း၊ သာသနိက အဆောက်အအုံတို့ကို နေရာပြောင်းရွှေ့ကာ အဆောက်အအုံအသစ် ဆောက်ပေးခဲ့ပြီး နေအိမ်များ ကို လျော်ကြေးအနေနှင့် (ပေ ၄၀ x ပေ ၆၀) မြေကွက်တစ်ကွက်လျှင် ကျပ်သိန်း ၁၃၀ဝ နှုန်း တွက်ချက်၍ ကာလပေါက်ဈေးအတိုင်း ၂ ဘီလီယံ လျော်ကြေးပေးအပ်ခဲ့ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
ဒလတံတား တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်တွင် စတင် ဆောက်လုပ်မည်ဖြစ်ပြီး ရန်ကုန်-ဒလ မြစ်ကူးတံတားကို လေးလမ်းသွား၊ သံမဏိကြိုးဆိုင်း အမျိုးအစားနှင့် တံတားအရှည်မှာ ၆၁၄၄ ပေ ရှည်လျားမည်ဖြစ်ပြီး အမြင့်ပေ ၄၉ မီတာ တည်ဆောက်ရန် စီစဉ်ထားသည်။
တံတားစီမံကိန်းအတွက် တောင်ကိုရီးယားနိုင်ငံမှ ချေးငွေ အမေရိကန် ဒေါ်လာ ၁၃၇ ဒသမ၈ ၃၃ သန်းနှင့် မြန်မာအစိုးရက အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်းကို ထည့်ဝင် တည်ဆောက်မည် ဖြစ်သည်။
Source : The Voice
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments