နေပြည်တော် စည်ပင်လက်မှတ်ဖြင့် ဇမ္ဗူသီရိဆေးရုံမှ ဆရာဝန်များအား မြေကွက်ချထားပေးခဲ့ပြီး ဆရာဝန်များက ခြံစည်းရိုးခတ်ရာတွင် မူလပိုင်ရှင် တောင်သူများနှင့် တင်းမာမှုဖြစ်ပွား

javascript
မတ် ၃ ရက်က နေပြည်တော် စည်ပင်လက်မှတ်ဖြင့် ဇမ္ဗူသီရိဆေးရုံမှ ဆရာဝန်များအား ရွှေကြာပင်ရပ်ကွက်တွင် မြေကွက်ချပေးခဲ့ပြီး ဆရာဝန်များမှ အဆိုပါမြေကွက်များအား ခြံစည်းရိုးခတ်ရာမှ မူလပိုင်ရှင် တောင်သူများ နှင့် တင်းမာမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နေပြည်တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ ဆရာဝန်များမှ မြေကွက်ချထားပေးရန် လျှောက်ထားသည့်အတွက် နေပြည်တော် စည်ပင်သာယာရေးကော်မတီ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး အမှတ်စဉ် ၁၀/၂၀၁၆ ဆုံးဖြတ်ချက်အရ ဇမ္ဗူသီရိမြို့၊ ရွှေကြာပင်ရပ်ကွက်ရှိ ပေ (၆၀ x ၈၀) မြေကွက်များအား မတ် ၃ ရက်က ချပေးခဲ့ကြောင်း သိရသည်။

နေပြည်တော်စည်ပင်မှ ချပေးထားသည့် မြေကွက်များအား ဆရာဝန်များမှ အထက်ပါစာဖြင့် ခြံစည်းရိုးခတ်ရာမှ မူလတောင်သူများ နှင့် မတ် ၁၄ ရက်က တင်းမာမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယခု အငြင်းပွားသည့် မြေနေရာမှာ ၂၀၀၈ ခုနှစ်က သိမ်းဆည်းထားသည့် မြေများ ဖြစ်ကြောင်း၊ မူလပိုင်ရှင် တောင်သူများမှာ သီးနှံလျော်ကြေးနှင့် မြေယာလျော်ကြေး ရထားပြီးဖြစ်သော်လည်း နိုင်ငံတော်သမ္မတ၏ ထုတ်ပြန်ချက်အရ စီမံကိန်း ဆောင်ရွက်ခြင်းမရှိသည့် မြေများအား မူလပိုင်ရှင်များအား ပြန်လည်ပေးရမည်ဟု သိရှိရ၍ တားမြစ်ရခြင်းဖြစ်ကြောင်း တောင်သူများက ဆိုသည်။

မြေသိမ်းခံတောင်သူ ကိုလင်းနိုင်က“မြေသိမ်းတုန်းမှာ စည်ပင်က ဗိုလ်မှူး ဦးထွန်းကြည် က သုံးဧကကို မြေကွက်တစ်ကွက် ပေးမယ်။ သုံးဧကကနေ ငါးဧကအထိဆိုရင် နှစ်ကွက်ပေးမယ်။ ငါးဧကကနေ ၁၀ ဧကဆိုရင် သုံးဝိုင်း ပေးမယ်။ ၁၀ ဧက အထက်ဆိုရင် ငါးကွက်ပေးမယ်လို့ ပြောသွားတယ်။ အခုထိ ဘာမှမရသေးဘူး”ဟု ပြောကြားသည်။

နေပြည်တော်စည်ပင်မှ ဖေဖော်ဝါရီ ၁၂ ရက်က ယင်းမြေများပေါ်တွင် ခြံစည်းရိုးခတ်ရာ တောင်သူများနှင့် တင်းမာမှုဖြစ်ပွားသည့်အတွက် တောင်သူများမှ ဇမ္ဗူသီရိမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အား ဖြေရှင်းပေးရန် တောင်းဆိုခဲ့ပြီး နှစ်ဦးနှစ်ဖက် မလိုလားသည့် ပြဿနာမဖြစ်ပွားစေရန်အတွက် ခြံစည်းရိုးမခတ်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က “အဲဒီတုန်းကလည်း ဟိုတုန်းက စီမံကိန်းတွေ မလုပ်ထားဘဲနဲ့ အခုအချိန်မှ အလောတကြီး ဆက်လုပ်ရင် ရှိနေတဲ့တောင်သူတွေနဲ့ စီမံကိန်း အကောင်အထည်ဖော်နေတဲ့ သူတွေကြားထဲ မှာ မလိုလားအပ်တဲ့ ပဋိပက္ခတွေ မဖြစ်စေချင်လို့ စီမံကိန်းတွေလည်း ဆက်မလုပ်ပါနဲ့ ။တောင်သူ တွေဘက်ကလည်း ခြံဝင်းတွေ မခတ်ဖို့ မေတ္တာရပ်ခံတယ်။ အုပ်ချုပ်ရေးပိုင်းက လူတွေကိုလည်း စီမံကိန်းမလုပ်ဖို့ မေတ္တာရပ်ခံတယ်။ တောင်သူတွေဘက်က ခြံစည်းရိုး မခတ်ဘူးဆိုရင် သူတို့ဘက်က စီမံကိန်း ဆက်မလုပ်ဘူးဆိုပြီး အာမခံခဲ့တယ်” ဟုပြောကြားသည်။

အငြင်းပွားနေသည့် မြေနေရာမှာ နေပြည်တော်စည်ပင်နှင့် သက်ဆိုင်ခြင်း မရှိတော့ကြောင်း၊ ဆရာဝန်များနှင့် တောင်သူများသာ တရားမမှုဖြင့် တရားရင်ဆိုင်ရမည်သာဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးသန်းကျော်ထူးက The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
Source: http://www.news-eleven.com/

Facebook comments