မီးလောင်ခဲ့သည့် မင်္ဂလာဈေးမြေနေရာပေါ်တွင် အသစ်ဆောက်လုပ်မည့်ဈေးနှင့် ဆက်စပ် အဆောက်အအုံများအတွက် စီမံကိန်းပုံစံနှင့် ဗိသုကာဒီဇိုင်း သုံးခုအား ရွေးချယ်ထားပြီး အသုံးပြုမည့်ပုံစံအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဆုံးဖြတ်မည်ဟု မြန်မာနိုင်ငံဗိသုကာအသင်းဒုဥက္ကဋ္ဌ ဦးမော်လင်း၏ ပြောကြားချက်အရ သိရသည်။
“ ၁၂ ဖွဲ့ကနေပြီး သုံးဖွဲ့ရွေးထားတယ်။ အခုက ပုံစံပဲ ရွေးတာဖြစ်တယ်။ အဲဒီအထဲက ဘယ်ဒီဇိုင်းသုံးမလဲဆိုတာ YCDC က ဆုံးဖြတ်မှာ ဖြစ်တယ်။ အခုရွေးတဲ့အထဲမှာ ဗိသုကာအသင်း ဗိသုကာကောင်စီ YCDC နဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့လည်း ပါတယ်”ဟု မြန်မာနိုင်ငံ ဗိသုကာအသင်းဒုဥက္ကဋ္ဌ ဦးမော်လင်းက ပြောကြားသည်။
မင်္ဂလာဈေး ပြန်လည်တည်ဆောက်ရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဗိသုကာအသင်းက ဗိသုကာဒီဇိုင်းပြိုင်ပွဲ ခေါ်ယူခဲ့ပြီး ယင်းပြိုင်ပွဲကို အကြီးတန်းလိုင်စင်ရ ဗိသုကာပညာရှင်များနှင့်အဖွဲ့များ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
“ ဒီဇိုင်းရွေးချယ်တာကတော့ ပညာရှင်တွေနဲ့ပဲ ဆိုင်တယ်။ ပညာရှင်တွေက စိစစ်ရွေးချယ်ကြပါတယ်။ သို့သော်လည်း ဒါကို ရွေးချယ်ပြီးသွားပြီဆိုရင်တော့ ဈေးသူဈေးသားတွေကို ဘယ်လိုရွေးချယ်တယ်။ ဘယ်လိုအချက်အလက်တွေ ပါတယ်။ ဘယ်လိုအကြောင်းအရာတွေ ပါတယ်ဆိုတာ ပွင့်လင်းမြင်သာစွာ ပြောဖို့လိုတယ်”ဟု မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားသည်။
မီးလောင်ပျက်စီးခဲ့သည့် မင်္ဂလာဈေးဟောင်းကြီး ပြန်လည်ဖြိုဖျက်သည့် လုပ်ငန်းကို တင်ဒါခေါ်ယူခဲ့ရာ ကုမ္ပဏီနှစ်ခု တင်ဒါတင်သွင်းခဲ့သည့်အနက် ဧကရီဖူးကုမ္ပဏီကို တင်ဒါရွေးချယ်ကာ ဖျက်သိမ်းခွင့်ပေးခဲ့ပြီး အဆိုပါ ကုမ္ပဏီက မင်္ဂလာဈေးကြီးအား ဖျက်သိမ်းခြင်းလုပ်ငန်းကို ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၄ ရက်မှ စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း လက်ရှိတွင် ဈေဟောင်းပြန်လည် ဖြိုဖျက်ခြင်းလုပ်ငန်း အားလုံးပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။
မင်္ဂလာဈေး ပြန်လည်တည်ဆောက်ရေးနှင့် ပတ်သက်ပြီး ဈေးကိုယ်စားလှယ်အဖွဲ့နှင့် သက်ဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် မြို့တော်ဝန်တို့အား အမြန်ဆုံး တွေ့ဆုံရှင်းလင်းပေးရန် ဈေးသူဈေးသားများက ဖေဖော်ဝါရီ ၉ ရက်တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်အနီးရှိ မင်္ဂလာဈေးဓမ္မာရုံတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဈေးသူဈေးသားများသည် သာမန်ပြည်သူများ ဖြစ်သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဈေးကိစ္စ ဆွေးနွေးတင်ပြရန် အခွင့်အလမ်း နည်းပါးကြောင်း၊ ထို့ကြောင့် မင်္ဂလာဈေးရှိ ဆိုင်ခန်းပေါင်း ၄၀၆၈ ခန်း၏ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် ဈေးကိုယ်စားလှယ်အဖွဲ့ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
၂၀၁၀ ပြည့်နှစ်က ဆုံးရှုံးမှုကြီးမားသော မီးလောင်မှုဖြစ်စဉ်အပြီး မင်္ဂလာဈေးကြီးသည် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၉ ရက်တွင် မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုင်ခန်းပေါင်း ၄၀၀၀ ကျော်အနက် ၁၆၃၆ ခန်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
Source : Eleven Media Group
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments