လမ်းဘေးဈေးသည်များအား စနစ်တကျ နေရာချထားခြင်းကို ပုဇွန်တောင်မြို့နယ်တွင် ဆောင်ရွက်ပြီးစီးပါက တာမွေ၊ ရန်ကင်းနှင့် ထောက်ကြန့်မြို့နယ်များတွင် ဆက်လက် ဆောင်ရွက်ရန်ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
“လမ်းဘေးဈေးသည်တွေကို စနစ်တကျ နေရာချတာ အခုက မြို့ထဲခြောက်မြို့နယ်ကိုလုပ်ပြီး ပုဇွန်တောင်ဘက် ၅၂ လမ်းဘက်ကို သွားမယ်။ ပြီးတဲ့အခါကျရင် တာမွေဘက်လည်းသွားမယ်။ ရန်ကင်းဘက်လည်း သွားမယ်။ နောက်တစ်ခုက ထောက်ကြန့်ဘက်လည်း အများကြီး ရှိသေးတယ်။ သူတို့အတွက် နေရာရှာမပေးဘဲနဲ့ အလွယ်ကူဆုံးကတော့ မရှိစေချင်ရင်တော့ ဖမ်းတာက အကောင်းဆုံးပဲ။ အဲဒါက စနစ်မှန်လားဆိုတော့ မမှန်ဘူး။ မလုပ်သင့်ဘူး။ သူတို့အတွက် နေရာတကျ လုပ်ပြီးတော့ သွားရမယ်” ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
ရန်ကုန်မြို့ Downtown ခြောက်မြို့နယ်ရှိ လမ်းဘေးဈေးသည်များအား ယခင်နှစ်က ကမ်းနားလမ်း ညဈေးတန်းတွင် နေရာချပေးမှုများ ပြုလုပ်ခဲ့ကာ ဆက်လက်ပြီး ပုဇွန်တောင်မြို့နယ်ရှိ လမ်းဘေးဈေးသည်များကိုလည်း စနစ်တကျ နေရာချထားပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
“အခုတောင်မှ စိတ်မကောင်းတာက ကမ်းနားလမ်း လမ်းဘေးဈေးသည် ပြန်ရောင်းစားတာ Facebook မှာ တက်လာတယ်။ အဲဒါကျတော့ လွန်သွားပြီ။ တိတိကျကျ ၀ယ်တဲ့သူကလည်း သူကျေနပ်လို့ သူဝယ်တယ်။ ရောင်းတဲ့သူကလည်းရောင်း။ ပြီးတဲ့အခါကျတော့ Facebook မှာတင်လိုက်တဲ့ အခါကျတော့ စိတ်မကောင်းစရာပဲ။ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး။ အတိအကျ သတင်းပေး အတိအကျ အရေးယူမှာ။ လုပ်ဦးမလားဆိုတော့ ဆက်လုပ်ဦးမှာပဲ။ လုပ်ပေးမှာပဲ” ဟု ရန်ကုန်မြို့တော်ဝန်က ဆက်လက် ပြောကြားသည်။
လမ်းဘေးဈေးသည်များနှင့် ပတ်သက်ပြီး ပြန်လည်သုံးသပ် စစ်ဆေးခြင်းများကို လုပ်ဆောင်သွားရန် တိုက်တွန်းထားကြောင်း၊ လတ်တလောတွင် YBS ကိစ္စ ၀င်ရောက်လာသဖြင့် ဆိုင်းငံ့ထားကြောင်း ကျောက်တံတား မဲဆန္ဒနယ် အမှတ်(၁)၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောကြားသည်။
“YBS ၀င်လာတော့ မလုပ်ဖြစ်ဘူး။ ပြီးခဲ့တဲ့ ၁၀ ရက်လောက်က ၃၈ လမ်းဈေးရွှေ့ဖို့ ကိစ္စသွားတိုင်ပင်ရင်းနဲ့ အဲဒီကိစ္စ ပြောခဲ့တယ်။ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက စီမံဌာနရော၊ ဈေးဌာနရော မြို့နယ်က EO တွေရော ခေါ်ပေးထားတယ်။ ဈေးသည်တွေက ဘယ်လိုဖြစ်လာသလဲဆိုတော့ မပြောင်းလဲပဲ ဒီလိုနေလို့ရတာပဲ။ အဲဒီလို ပုံစံမျိုးနဲ့ လမ်းပေါ်ကို ရောက်လာတယ်။ ဘဏ်လမ်းမှာ မအောင်မြင်ဘူး။ မပြောင်းကြတဲ့ အခါကျတော့ လူကနည်းတော့ မအောင်မြင်ဘူး။ ဈေးဌာနက ပူးပေါင်းပါဝင်မှု တော်တော်အားနည်းတယ်။ အစ်မတို့နဲ့ တောက်လျှောက်လုပ်ခဲ့တာဆိုရင် စီမံဌာနက လုပ်ခဲ့တာများတယ်။ အားလုံးစီမံပြီးသွားရင် ဈေးဌာနကို လွှဲရတော့မှာလေ။ လွှဲလည်း လွှဲပြီးသွားပြီ။ ဈေးဌာနရဲ့ ပူးပေါင်းပါဝင်မှု အားနည်းတဲ့ အတွက်ကြောင့် မအောင်မြင်ဘူးလို့တောင် ပြောချင်တယ်” ဟု ဒေါ်ကြည်ပြာက ပြောကြားသည်။
Source : Eleven Media Group
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments