ဖေဖော်ဝါရီ ၂ ရက် ညပိုင်းက မရမ်းကုန်းမြို့နယ် (၆) ရပ်ကွက်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး Level 4 အဆင့်သတ်မှတ်ကာ အိမ်အလုံး ၃၀ ပျက်စီး ဆုံးရှုံးခဲ့ပြီး အဘိုးအိုတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂ ရက် ည ၉ နာရီခွဲခန့်တွင် မရမ်းကုန်းမြို့နယ် (၆) ရပ်ကွက် ဇေယျာခေမာလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သိရသဖြင့် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ မီးသတ်ယာဉ်များနှင့်အတူ ငြှိမ်းသတ်ရန် သွားရောက်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုမှာ အဆိုပါ ဇေယျာခေမာလမ်းရှိ အိမ်တစ်လုံးမှတစ်ဆင့် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ယင်းသို့လောင်ကျွမ်းရာမှ အနီးရှိ နေအိမ်အလုံး ၃၀ ခန့်ကို မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
“အဲဒီနားက ဓာတ်တိုင်၊ ဓာတ်ကြိုးတွေကနေတစ်ဆင့် ၀ိုင်ယာရှော့ဖြစ်ပြီး စတင် လောင်ကျွမ်းတာပါ။ စုစုပေါင်းတော့ နေအိမ် အလုံး ၃၀ လောက် လောင်ကျွမ်းသွားတယ်။ အဲဒီ ရပ်ကွက်ထဲမှာက အဆောင်တွေ အများကြီးပဲ။ ကျွန်မလည်း မီးလောင်တာ သိသိချင်း ထွက်ပြေးခဲ့ရတယ်” ဟု အဆိုပါရပ်ကွက်နေ အဆောင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောကြားသည်။
မီးလောင်မှုနှင့်ပတ်သက်၍ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက “၀ိုင်ယာရှော့ကနေ စတင်လောင်ကျွမ်းတာလို့ သိရတယ်။ ပြီးတော့ အဲဒီမီးလောင်ကျွမ်းနေ အိမ်မှာနေတဲ့ ကျန်းမာရေး မကောင်းတဲ့ အသက် ၆၀ ကျော်အရွယ် အဘိုးကြီးတစ်ဦး သေဆုံးသွားခဲ့တယ်။ ကျန်တဲ့ မီးဘေးသင့် ပြည်သူတွေကို အနီးမှာရှိတဲ့ဘုန်းကြီးကျောင်းမှာ ယာယီ ကယ်ဆယ်ရေးစခန်းဖွင့်ပြီး ထားထားပါတယ်” ဟု ပြောကြားသည်။
“ဘုန်းဘုန်းတို့အနေနဲ့ မီးဘေးသင့်ပြည်သူတွေကို အဆင်ပြေတဲ့အထိ ဒီကျောင်းမှာပဲ ထားထားမှာဖြစ်ပါတယ်။ လူဦးရေကတော့ ရာဂဏန်းလောက် ရှိမယ်။ ဒီကယ်ဆယ်ရေးစခန်းကို ရန်ကုန်တိုင်း ၀န်ကြီးချုပ် လာပြီးတော့ အားပေးစကား ပြောသွားပါတယ်” ဟု တေဇစက္ကိ ၀ိပသနာကမ္မဋ္ဌာန်းကျောင်းတိုက်မှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။
မီးလောင်ကျွမ်းမှုမှာ တစ်နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး မီးသတ်ယာဉ်အစီး ၅၀ ခန့် လာရောက် ငြှိမ်းသတ်ခဲ့ရပြီး မီးလောင်ကျွမ်းမှုအတွက် မီးသတ်ယာဉ်စေလွှတ်မှု အဆင့်ကို Level 4 အဆင့် သတ်မှတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။
Source : Eleven Media Group
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments