သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့နယ် အနောက်လက်ခုပ်ပင်ကျေးရွာမှ တောင်သူများက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။
ဆန္ဒထုတ်ဖော်မှုကို ဇန်န၀ါရီ ၂၂ ရက် နံနက် ၉ နာရီခန့်က အနောက်လက်ခုပ်ပင်ကျေးရွာမှ စတင်ကာ န၀ဒေးသကြားစက်လမ်း၊ ရှမ်းစုကျေးရွာနှင့် သိမ်းဆည်းခံထားရသည့် လယ်ယာမြေများပေါ်သို့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။
“ပထမဆုံး စစ်တပ်က သိမ်းတယ်။ နောက်ပြီး သကြားစက်ကို လွှဲပြောင်းပေးတယ်။ သကြားစက်ကနေ သိမ်းပြီးတော့ မြို့နယ်၊ ခရိုင်၊ သိမ်းဆည်းခံ လယ်ယာမြေများနဲ့ စုံစမ်ရေးကော်မတီလက်ထဲမှာ ရှိနေတယ်။ အဲဒါကို လူ့ဂုဏ်သိက္ခာနဲ့အညီ ပြန်လည်ရရှိဖို့ သမ္မတသိအောင် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါတယ်။ ပြီးတော့ ဥပဒေအတိုင်း ဒုသမ္မတ ဖွဲ့စည်းပေးထားတဲ့ ဖွဲ့စည်းပုံအတိုင်း အဆင့်ဆင့် ဥပဒေအတိုင်း ဆောင်ရွက်ပေးဖို့ ပြောချင်ပါတယ်”ဟု လယ်ယာမြေများ သိမ်းဆည်းခံထားရသည့် တောင်သူကိုမျိုးနိုင်က ပြောကြားသည်။
ဆန္ဒထုတ်ဖော်ပွဲသို့ လယ်မြေ သိမ်းဆည်း ခံထားရသည့် တောင်သူများ၊ ၀န်းရံသူများနှင့် အင်အား ၃၀ ခန့် ပါဝင်ခဲ့ပြီး သိမ်းဆည်းခံရသည့် သမိုင်းကြောင်းများနှင့် ပြန်လည်ရရှိရေး တောင်းဆိုထားသည့် တရားမျှတမှုရရှိရေး၊ တို့မြေကို အချောင်မယူရေး၊ အမှုမှန်ပေါ်ပေါက်ရေး၊ သိမ်းဆည်းခံမြေ ပြန်လည်ရရှိရေး၊ ဓားမဦးချတို့ရဲ့မြေတို့ကို ပြန်ပေး စာသားများ ပါဝင်သည့် ပိုစတာများကို ကိုင်ဆောင်ကာ ကြွေးကြော်သံများကိုလည်း ကြွေးကြော်ခဲ့သည်။
“အရင်အစိုးရလက်ထက်မှာ တောင်သူတွေကို ပြန်ပေးလိုက်ပါဆိုတဲ့ စာကို ကျွန်တော်တို့ ရရှိခဲ့တယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ကို ဘာမှဖြေရှင်းပေးခြင်း မရှိတဲ့အပြင် အခုအစိုးရ လက်ထက်မှာ မြို့နယ်ကနေ စားကျက်မြေအဖြစ် သတ်မှတ်လိုက်လို့ ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါတယ်။ သိမ်းဆည်းထားတဲ့မြေကို ကျွန်တော်တို့ အမြန်ဆုံး ပြန်လည်ရရှိဖို့ပါပဲ” ဟု ယာမြေသိမ်းဆည်းခံတောင်သူ ဦးထွန်းစိန်က ပြောကြားသည်။
အဆိုပါ သိမ်းဆည်းထားသည့် ကွင်းအမှတ် (၃၇၇-က)၊ ၄၀၁၊ ၄၀၂ တွင် တောင်သူ ၁၇ ဦး၊ လယ်မြေ ၃၉ ဧကခန့်ကို ၁၉၇၁ ခုနှစ်က ဓားမဦးချ လုပ်ကိုင်ခဲ့ပြီး၊ ၁၉၉၆/၁၉၉၇ ခုနှစ် မြန်မာ့ကြံလုပ်ငန်းက သိမ်းဆည်းခဲ့ပြီး သိမ်းဆည်းစဉ်ကလည်း စီမံကိန်းသီးနှံဖြစ်သည့် ၀ါများ စိုက်ပျိုးနေချိန်ဖြစ်ကာ ယင်းသီးနှံများကိုလည်း ဖျက်ဆီးခံခဲ့ရကြောင်း၊ ယခင်အစိုးရ လက်ထက်တွင် သိမ်းဆည်းခံ လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မတီက တောင်သူများထံပြန်ပေးရန် ညွှန်ကြားခဲ့သော်လည်း ယနေ့အချိန်အထိ ပြန်လည်ရရှိခြင်းမရှိသေးဘဲ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂ ရက်တွင် စားကျက်မြေအဖြစ် သတ်မှတ်လိုက်သောကြောင့် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း တောင်သူများက ပြောကြားသည်။
Source : Eleven Media Group
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments