ယခင်အစိုးရလက်ထက်တွင် ဥပဒေသစ်များ ပြဋ္ဌာန်းခဲ့သော်လည်း လုပ်ကွက်ငယ် လယ်သမားများ၊ တိုင်းရင်းသားမျိုးနွယ်စုများ၏ မြေယာပိုင်ဆိုင်ခွင့် အခွင့်အရေး၊ လယ်ယာမြေ မတရား သိမ်းဆည်းခံရမှုများနှင့် အမျိုးသမီးများ တန်းတူမြေယာပိုင်ဆိုင်ခွင့် စီမံခွင့်နှင့် လွှဲပြောင်းလုပ်ပိုင်ခွင့်များတွင် မျှတမှု မရှိကြောင်း ဇန်န၀ါရီ ၁၇ ရက်က ထုတ်ပြန်ခဲ့သည့် အမျိုးသားမြေအသုံးချမှု မူဝါဒ၊ လယ်ယာမြေဥပဒေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေများကို လေ့လာဆန်းစစ်သည့် ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းတစ်ခု၏ သုတေသနအစီရင်ခံစာ အနှစ်ချုပ်တွင် ဖော်ပြထားသည်။
သံလွင်နိုင်ငံသားစွမ်းရည်မြှင့်တင်ရေး အဖွဲ့၏ အဆိုပါသုတေသနအစီရင်ခံစာတွင် အမျိုးသားမြေအသုံးချမှုမူဝါဒ၊ လယ်ယာ မြေဥပဒေ၊ မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေ
(၁၈၉၄ မြေသိမ်း အက်ဥပဒေ အပါအ၀င်) များကို ပြန်လည် သုံးသပ်ပြင်ဆင်ရေးဆွဲရန် အကြံပြုတိုက်တွန်းထားသည်။
ပြန်လည်ရေးဆွဲရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ လယ်သမားကိုယ်စားလှယ်များ၊ မြေယာအရေးဆောင်ရွက်နေသော အဖွဲ့အစည်းကိုယ်စားလှယ်များ၊ ကျွမ်းကျင်သူ ဥပဒေပညာရှင်များ၏
အကြံပြုချက်များကို ရယူရန်နှင့် ဆွေးနွေးရေးဆွဲထားသော ဥပဒေကြမ်းကို မပြဋ္ဌာန်းမီ ပြည်သူလူထုကို အသိပေး၍ အကြံပြုချက်များ ရယူရန် အဓိကလိုအပ်ကြောင်း အစီရင်ခံစာက ဆိုသည်။ "ပြည်သူ့ဆန္ဒဖြင့် ပေါ်ထွန်းလာသော ဒီမိုကရေစီအစိုးရတစ်ရပ်အနေနဲ့ ပြည်သူလူထု အကျိုးစီးပွားနှင့် မကိုက်ညီသော ဥပဒေများ၊ မူဝါဒများကို ပြန်လည်သုံးသပ်ပြင်ဆင်ရန် ဆောင်ရွက်ရေးသည် အရေးကြီးသည့် ကိစ္စရပ်များအဖြစ် ရှိနေဆဲဖြစ်သည်" ဟု အစီရင်ခံစာအနှစ်ချုပ်တွင် ဖော်ပြထားသည်။ သံလွင်အရပ်ဘက်အဖွဲ့အစည်း တည်ထောင်သူ တစ်ဦးဖြစ်သည့် ဦးသီဟက ယခင် မြေယာဥပဒေ ရေးဆွဲမှုများသည် ပညာရှင်များ၏ ကောက်နုတ်ဆုံးဖြတ်ချက် အများစုဖြင့်သာ ရေးဆွဲထားခြင်းဖြစ်သည့် အတွက် ပြင်ဆင်မည့်ဥပဒေများတွင် လယ်သမားထု၏ လက်တွေ့အခက်အခဲ စိန်ခေါ်မှုများကို အခြေခံသည့် ဥပဒေပြင်ဆင်မှုမျိုးဖြစ်သင့်သည်ဟု ဆိုသည်။
"မြေယာပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး အစိုးရအဆက်ဆက်လုပ်ဆောင်မှုတွေက မထိရောက်ခဲ့ဘူး။ လယ်ယာမြေဥပဒေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကစပြီး မှားနေတယ်လို့ ထောက်ပြကြတယ်။ ဦးစားပေးပြင်ဆင်စရာတွေကိုက များနေတဲ့အထဲမှာ အဓိကကတော့ လယ်ယာမြေစီမံခန့်ခွဲတဲ့ အဖွဲ့ကိုက ဗဟိုချုပ်ကိုင်မှုများလွန်းပြီး အကျင့်ပျက်ခြစားမှုရှိနေတာက
အဆိုးဆုံးပဲ" ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံရှိ တောင်သူလယ်သမားအများစုသည် ခြောက်ဧကအောက် လုပ်ကိုင်သည့် လုပ်ကွက်ငယ် လယ်သမားများဖြစ်ပြီး ၁၉၈၈ တပ်မတော်အာဏာသိမ်းခဲ့ချိန်မှ စတင်ကာ
မြေယာသိမ်းဆည်းမှုများ နိုင်ငံအနှံ့တွင် ဖြစ်ပေါ်ခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
Source : The Myanmar Times
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments