09-261334475

တန်ဖိုးနည်းအိမ်ရာဝယ်ယူရန် (CHDB) ဘဏ်တွင် စုဆောင်းသူ ၃၃၀၀ကျော်ရှိပြီး စုဆောင်းငွေ ကျပ် ၂ ဘီလီယံကျော်ရရှိထား

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောက်လုပ်ထားသည့် တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများ ၀ယ်ယူရန် CHDB ဘဏ်တွင် လျှောက်ထားသူစုစုပေါင်း ၃၃၀၀ ကျော်ရှိပြီး စုဆောင်းငွေကျပ်သန်း ၂၀၀၀ (၂ဘီလီယံ)ကျော် ရရှိထား ကြောင်း CHDB ဘဏ်မှဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းအုပ်ချုပ်မှုဒါရိုက်တာ ဒေါ်မြင့်မြင့်မူက စက်တင်ဘာ ၈ ရက်တွင် News Watch သို့ ပြောကြားသည်။

''တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူခွင့်ရရှိဖို့အတွက် စက်တင်ဘာ ၇ ရက်အထိ CHDB ဘဏ်မှာ ငွေစုတဲ့ဦးရေက ၃၃၀၀ ကျော် ရှိပြီးတော့ စုငွေကတော့ စုစုပေါင်း ၂ ဘီလီယံကျော်ရရှိထားပါတယ်''ဟု ၎င်းက ပြောကြားသည်။

ယင်းတန်ဖိုးနည်းအိမ်ရာများကို ယခင်က သြဂုတ်လအတွင်း ရောင်းချပေးရန်စီစဉ်ခဲ့သော်လည်း ယခုအခါတွင်စိစစ်နေခြင်းဖြစ်သည့်အတွက် အောက်တိုဘာလမှ မဲနှိုက်၍ ရောင်းချပေးမည်ဖြစ်ကြောင်းနှင့် အခန်းဝယ်ယူလိုသူများအနေနှင့် CHDB ဘဏ်တွင် အခန်းတန်ဖိုး၏ အနည်းဆုံး ၃၀ ရာခိုင်နှုန်းရှိရမည်ဖြစ် ကြောင်း သိရသည်။

''အခုကတော့ ဘဏ်ထဲမှာ စုဆောင်းတန်ဖိုးအနည်းဆုံး ၃၀ ရာခိုင်နှုန်းရှိတဲ့သူနဲ့ကျော်တဲ့သူတွေပေါ့။ ပြောမယ် ဆိုရင် သိန်း ၁၀၀ ရှိတဲ့အခန်းဆိုရင် သိန်း ၃၀ စုဆောင်းငွေရှိရမယ်။ ဒါတွေကို စိစစ်နေတယ်။ နောက် ဘယ်နေရာမှာ လိုချင်လဲဆိုတာတွေကိုလည်း စာရင်းကောက်နေတယ်။ လှိုင်သာယာမှာနေတဲ့ သူက ဒဂုံဆိပ် ကမ်းကိုလျှောက်မှာစိုးလို့ စိစစ်နေတယ်''ဟု ဒေါ်မြင့်မြင့်မူက ပြောကြားခဲ့သည်။

အိုးအိမ်ဦးစီးဌာနသို့ တင်ပြရာတွင် အစိုးရ၀န်ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊ အစိုးရ အငြိမ်းစားဝန်ထမ်း၊ အခြားပြည်သူများပါ အုပ်စုများခွဲ၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စုဆောင်းငွေ ရာခိုင်နှုန်းကျော်သူများကို ထပ်မံ၍ လစဉ်ဝင်ငွေမည်မျှရှိသည်ကိုလဲ စာရင်းကောက်မည်ဖြစ်ကြောင်း၊ ရွှေလင်ဗန်းနှင့် ဒဂုံဆိပ်ကမ်းတန်ဖိုးနည်းတိုက်ခန်း ၂၀၀၀ ကျော်ကို အရင်ဆုံး ရောင်းချပေးမည်ဖြစ်ပြီး ဘဏ်တွင် အိမ်တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းအား ပေးသွင်းရမည်ဖြစ်ကြောင်း အရစ်ကျပေးသွားရာတွင်လည်း လစဉ်ပုံမှန်မိသားစုဝင်ငွေ ၃ သိန်းခန့်ရှိရမည်ဖြစ်ကြောင်း ထပ်မံ၍လည်း အိမ်ရာလိုအပ်ချက်ရှိပါက လာမည့်နှစ်နှစ်အတွင်း တန်ဖိုး နည်းအိမ်ရာ အခန်း ၈၀၀၀ ထပ်မံဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

''လျှောက်ထားမှုတွေကတော့ ရှိတယ်။ ငွေစုဆောင်းတာကတော့ ဦးတို့နဲ့ တိုက်ရိုက်ဆိုင်တယ်။ တန်ဖိုးနည်းအိမ်ရာမှာ လျှောက်ထားခွင့်ကတော့ သူတို့ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှုရှိရင် မဲနှိုက်ခွင့်ကို ဦးစားပေးမယ်''ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ ဒါရိုက်တာတဦးက ပြောကြားသည်။

တန်ဖိုးနည်းအိမ်ရာလျှောက်ထားသူများအနေဖြင့် အခန်းရရှိပါက ကျန် ၇၀ ရာခိုင်နှုန်းအား ၈ နှစ်မှ ၁၅ နှစ်အတွင်းပေးချေရမည်ဖြစ်ကြောင်း ၈ နှစ်ဖြင့် တလ တခါသွင်းသည့် သူသည် ကျပ်တသိန်းနှစ်သောင်းခန့် ဘဏ်သို့ အရစ်ကျပေးချေရမည်ဖြစ်ပြီး ၁၅ နှစ်ဖြစ်ပါက 
ယင်းငွေကြေး၏ ထက်ဝက်ခန့်သာပေးသွင်းရမည်ဖြစ် ကြောင်း သိရသည်။ 

Source: News Watch

Facebook comments